ဘီမန်း

February 25, 2019

လေယာဉ်မောင်းခန်းတွင်းဝင်ရန် ကြိုးစားသည့် ခရီးသည်ကို ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုများ ပစ်သတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်း နိုင်ငံတကာလေဆိပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဘီမန်းလေကြောင်းလိုင်း လေယာဉ်ရဲ့ လေယာဉ်မောင်းခန်းထဲ ဝင်ဖို့ကြိုးစားတဲ့ ခရီးသည်ကို ကွန်မန်ဒိုတွေ ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပါတယ်။ အဲဒီခရီးသည်ဟာ ဇနီးနဲ့ ပုဂ္ဂိုလ်ရေးကိစ္စ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကို စကားပြောချင်တယ်လို့ လေယာဉ်မှူးကို ပြောခဲ့တာပါ။ ဒါကာမြို့တော်ကနေ ဒူဘိုင်းကိုသွားမယ့် လေယာဉ်ပေါ်မှာ ခရီးသည်က ခြိမ်းခြောက်ခဲ့လို့ လေယာဉ်မှူးက ချစ်တကောင်းလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဒါကာလေဆိပ်ကနေ ပျံတက်အပြီးမှာ ခရီးသည်က သူ့နေရာကထပြီး လေယာဉ်မောင်းခန်းဆီကို သွားခဲ့တယ်၊ လေယာဉ်ဝန်ထမ်းက သူ့လမ်းကို ပိတ်ထားချိန်မှာ ပစ္စတိုသေနတ်ကို ပြခဲ့တယ်၊ ဖောက်ခွဲရေးပစ္စည်းတွေ ရှိတယ်လို့ ပြောရင်း လေယာဉ်မောင်းခန်း တံခါးကို မဖွင့်ပေးရင် သူ့ကိုယ်သူ ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း လေကြောင်း အရာရှိတွေက ပြောပါတယ်။ ပစ္စတိုသေနတ်က အစစ်ဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တကယ်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အကြီးတန်း လေကြောင်းအရာရှိက ပြောပါတယ်။ သေနတ်ကို လုံခြုံရေးတွေကြားက ဘယ်လိုရအောင် သယ်လာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ်ကို ကွန်မန်ဒိုတွေ ဝင်မစီးနင်းခင်မှာ ခရီးသည် ၁၄၂ ဦးစလုံးနဲ့ လေယာဉ်ဝန်ထမ်း အားလုံးကို လေယာဉ်ပေါ်ကနေ ဘေးမသီရန်မခ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ လေယာဉ်ဝန်ထမ်းတဦးကတော့ ဓားစာခံအဖြစ် အဖမ်းခံထားခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။
2 years Ago
Up