ဘိုလီးဗီးယားကြားဖြတ်အစိုးရ

February 2, 2020

ဝန်ကြီးဟောင်းနှစ်ဦး မက္ကဆီကိုတွင် ခိုလှုံရန် ဘိုလီးဗီးယားကြားဖြတ်အစိုးရ ခွင့်ပြု

ဘိုလီးဗီးယားကြားဖြတ်အစိုးရက သမ္မတဟောင်း အီဗိုမိုရေးစ်ရဲ့ ဝန်ကြီးဟောင်း နှစ်ယောက်ကို မက္ကဆီကိုနိုင်ငံမှာ ခိုလှုံဖို့ ခွင့်ပြုလိုက် ပါတယ်။ သတ္တုတွင်းဝန်ကြီးဟောင်း ဆီဇာနာဗာရိုနဲ့ စိုက်ပျိုးရေး ဒုဝန်ကြီးဟောင်း ဒါမီယံဒိုရာဒိုတို့ဟာ တခြားဝန်ကြီးဟောင်း ၇ ယောက်နဲ့အတူ လာပဲ့ဇ်မြို့တော်က မက္ကဆီကို သံရုံးဝင်းထဲမှာ ခိုလှုံနေခဲ့တာပါ။ ဘိုလီးဗီးယားဝန်ကြီးဟောင်းတွေကို ဘိုလီးဗီးယားဆိုင်ရာ မက္ကဆီကို သံအမတ်ကြီးနဲ့အတူ လာပဲ့ဇ်မြို့ အဒ်မွန်ဒိုခံတပ်ဆီကို အသွား အယ်လ်အော်တို နိုင်ငံတကာ လေဆိပ်ကို ရောက်လာချိန်မှာ ဘိုလီးဗီးယားရဲတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းခဲ့တာပါ။ သမ္မတဟောင်းရဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတာဟာ မှားတယ်လို့ ကြားဖြတ်အစိုးရက ပြောခဲ့ပြီး နာရီအတော်များများအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သူတို့ နိုင်ငံရေး ခိုလှုံခွင့်ယူမယ့် မက္ကဆီကိုနိုင်ငံဆီ သွားဖို့ လေဆိပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဘိုလီးဗီးယားအာဏာပိုင်တွေက သံတမန်ဝန်ထမ်းတွေကို နှောင့်ယှက် ခြိမ်းခြောက်ခဲ့တယ်လို့ ကျန်ခဲ့တဲ့သီတင်းပတ်တွေက မက္ကဆီကိုအစိုးရက မကျေမနပ် ပြောဖူးပါတယ်။ မက္ကဆီကိုအစိုးရက ဘိုလီးဗီးယားနိုင်ငံသား ၉ ယောက်ကို နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့တဲ့အပေါ် မက္ကဆီကိုအစိုးရနဲ့ ဘိုလီးဗီးယား   ကြားဖြတ်အစိုးရတို့ကြား အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။
2 years Ago

November 16, 2019

ဗင်နီဇွဲလားနှင့်ကျူးဘားနိုင်ငံက အရာရှိများကို ဘိုလီးဗီးယားကြားဖြတ်အစိုးရ နှင်ထုတ် 

သမ္မတဟောင်း မိုရာလက်စ်ရဲ့ မဟာမိတ်တွေဟုဆိုကာ ဗင်နီဇွဲလားနိုင်ငံနဲ့ကျူးဘားနိုင်ငံက အရာရှိတွေကို နိုင်ငံထဲကနေ ထွက်သွားဖို့ ဘိုလီးဗီးယားကြားဖြတ်အစိုးရက နိုဝင်ဘာ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။  သူတို့ဟာ သမ္မတဟောင်းမိုရာလက်စ် ရာထူးက နုတ်ထွက်အပြီး ဘိုလီးဗီးယားနိုင်ငံတွင်း မတည်ငြိမ်မှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ ကြားဖြတ်အစိုးရက စွပ်စွဲခဲ့တာပါ။  မိုရာလက်စ်ကို ထောက်ခံသူတွေက ဂျနီအာနက် ဦးဆောင်တဲ့ လက်ရှိကြားဖြတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေချိန်မှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ မိုရာလက်စ်ဟာ  ၂၀၀၆ ခုနှစ်ကတည်းက သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး   အောက်တိုဘာ ၂၀ ရွေးကောက်ပွဲမှာ ဆိုးရွားတဲ့ မဲလိမ်လည်မှုတွေ ရှိတယ်လို့ အမေရိကန်နိုင်ငံများအသင်း (OAS) က ကြေညာပြီးမှာတော့ ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ အဲဒီနောက် မိုရာလက်စ်ဟာ မက္ကဆီကိုနိုင်ငံကို သွားပြီး နိုင်ငံရေး ခိုလှုံခွင့် ခံယူခဲ့တာပါ။  နိုဝင်ဘာ ၁၅ ရက်နေ့က ကိုချာဘမ်ဘာ ကျေးလက်ဒေသမှာ မိုရာလက်စ်ကို ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းအတွင်း လူငါးယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူတော်တော်များများ ဒဏ်ရာရခဲ့ကြပါတယ်။ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒပြလူအုပ်ကလည်း ကျောက်ခဲတွေနဲ့ ပြန်ပစ်ခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 
2 years Ago
Up