ဘိုင်ယန်ဥက္ကဋ္ဌ

September 14, 2020

အသင်းကိုငွေညှစ်ရန် လီဗာပူးနှင့် ယူနိုက်တက် ကြိုးစားဟု ဘိုင်ယန်ဥက္ကဋ္ဌ စွပ်စွဲ

ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာကို အခုချိန်အထိ တရားဝင်ကမ်းလှမ်းမှု မလုပ် သေးတဲ့ လီဗာပူးအသင်း နဲ့ ယူနိုက်တက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရသလောက်ငွေ ညှစ်ဖို့ ကြိုးစားနေတာလို့ ဘိုင်ယန်ဥက္ကဋ္ဌ အူလီဟိုးနက်က စွပ်စွဲပြောဆိုလိုက်ပါတယ်။   သီယာဂိုဟာ ဘိုင်ယန်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီး ပရီးမီးယား လိဂ်ကို ပြောင်းရွှေ့မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ကစားသမားဖြစ်ပါတယ်။  အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူရဲ့စာချုပ်ဟာ ဒီရာသီကုန်မှာ ပြီးဆုံးပြီဖြစ်တာကြောင့် လာမယ့်နှစ်မှာ ဘိုင်ယန်ဟာ သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ပရီးမီးယာလိဂ်ကလပ်အသင်း လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ စပိန်ကွင်းလယ်လူကို တော်တော်လေး စိတ်ဝင်စားနေ ကြပြီး ဘိုင်ယန်ဘက်က သူ့အတွက်ပြောင်းရွှေ့ကြေးကို ပေါင်  ၂၇ သန်းတောင်းဆိုထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်အသင်းတွေဘက်က သူ့ကို တရားဝင်ကမ်းလှမ်းမှု တခုမှ မလုပ်ဆောင်ထားတဲ့အပေါ် ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဒေါသထွက်ကာ စွပ်စွပြောဆို လိုက်တာပါ။ လက်ရှိအပြောင်းအရွှေ့ကာလဟာ အောက်တိုဘာ ၅ ရက်မှာကုန်ဆုံးမှာပဲ ဖြစ်ပြီး ဟိုးနက်က ပရီးမီးယားလိဂ်အသင်းတွေဟာ တရားဝင်ချဉ်းကပ်မှု မလုပ်ခင် အပြောင်းအရွှေ့ ကာလပြီးဆုံးအောင်စောင့်နေတာလို့ ပြောပါတယ်။   “ကျနော်တို့ဘက်က သီယာဂိုကို တော်တော်လေး ကောင်းမွန်တဲ့ ၄ နှစ်စာချုပ်တရပ်ကမ်း လှမ်းခဲ့ပေမဲ့ နောက်ဆုံးအချိန်မှာမှ ကစားသမားက အတွေ့အကြုံအသစ်တွေရှာတော့မယ်လို့ ဆိုကာ ငြင်းဆိုခဲ့ပါတယ်” လို့ ဟိုးနက်ကပြောပါတယ်။  လက်ရှိအချိန်မှာ သီယာဂိုဟာ လီဗာပူး ဒါမှမဟုတ် ယူနိုက်တက်အသင်းတို့နဲ့ သဘောတူညီမှု ကြိုတင်ရရှိထားပြီးဖြစ်တယ်လို့လည်း ယူဆရပါတယ်။  “ဘယ်အသင်းကမှ ကျနော်တို့ဆီကို မကမ်းလှမ်းသေးပါဘူး။ သူတို့တွေဟာ အပြောင်း အရွှေ့ကာလ နောက်ဆုံးအချိန်အထိရောက်မှ ဈေးနှိမ်ကမ်းလှမ်းပြီး ကျနော်တို့ဆီက ပိုက်ဆံကို ရသလောက်ညှစ်ချင်နေကြတာပါ။ ဒါ့ကြောင့် ဘိုင်ယန်အသင်းအနေနဲ့ ဒီကစားပွဲကို ဆက်ကစား မလား ဒါမှမဟုတ် သီယာဂိုကိုအသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားမလား ဆုံးဖြတ်ရပါတော့မယ်” လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ဘိုင်ယန်ဥက္ကဋ္ဌဟာ အသင်းနဲ့နောက်ခံလူ ဒေးဗစ်အလာဘာဟာလည်း လောဘကြီး လွန်းတဲ့ အေးဂျင့်ကို ရရှိထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 
1 year Ago
Up