ဘိုင်ယန်အသင်း

May 20, 2020

အီတလီနှင့် စပိန်က ဆေးရုံများအတွက် ရန်ပုံငွေ ဘောလုံးပွဲကျင်းပရန် ဘိုင်ယန်အသင်း စီစဉ်

အီတလီနဲ့ စပိန်က ဆေးရုံတွေအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲတရပ် ကျင်းပဖို့ ဘိုင်ယန်မြူးနစ်အသင်းက စီစဉ်နေပါတယ်။ အီတလီနဲ့ စပိန်နိုင်ငံတွေဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်ခံခဲ့ကြရပြီး သေဆုံးမှုအရေအတွက်လည်း မြင့်မားခဲ့တာပါ။ ဒီအခြေအနေကို စာနာဖေးမတဲ့အနေနဲ့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ အီတလီကလပ် အင်တာမီလန်တို့ကို ဖိတ်ကြားပြီး စည်းလုံးညီညွတ်ရေးဖလားအဖြစ် ကျင်းပဖို့ ရှိနေတာပါ။ အဲဒီပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမှာဖြစ်ပြီး ဘိုင်ယန်၊ ရီးရဲလ်နဲ့ အင်တာမီလန်ကွင်းတွေမှာ တပွဲစီ ကစားဖို့ စီစဉ်ထားတာပါ။ ဗိုင်းရပ်စ်ကာလအတွင်းမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ သူရဲကောင်းတွေဖြစ်ကြပြီး သူတို့ကို ဘိုင်ယန်မြူးနစ်အိမ်ကွင်းကို ဖိတ်ကြားကာ ရီးရဲလ်အသင်းနဲ့ယှဉ် ပြိုင်ကစားတာကို ကြည့်ရှုစေမယ်လို့ ဘိုင်ယန်အသင်း စီအီးအို ရူမင်နစ်ဂီက ပြောပါတယ်။  ပွဲစဉ် ၃ ပွဲကနေ ရရှိလာတဲ့ ငွေကြေးတွေကိုလည်း ဗိုင်းရပ်စ်ဒဏ် အများဆုံးခံစားခဲ့ရတဲ့ အီတလီနဲ့ စပိန်က ဆေးရုံတွေမှာ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
1 year Ago

November 4, 2019

နည်းပြ ကိုဗက် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲ

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြဖြစ်သူ နီကိုကိုဗက်နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့က ဖရန့်ဖတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲစဉ်အပြီးမှာ ဘိုင်ယန်အသင်းဘက်က လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။  ဘိုင်ယန်မြူးနစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ဘက်သဘောတူညီချက်ယူပြီး အခုလို လုပ်တာလို့ ဆိုပါတယ်။  အသင်းရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စွမ်းဆောင်မှုတွေနဲ့ ရလဒ်တွေက ကျေနပ်စရာ မကောင်းဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  အသက် ၄၈ နှစ်အရွယ် ခရိုအေရှားနည်းပြ ကိုဗက်ဟာ ဘိုင်ယန်မြူးနစ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ စတင်တာဝန်ယူခဲ့တာပါ။   သူကိုင်တွယ်တဲ့ ပွဲစဉ်ပေါင်း ၆၅ ပွဲမှာ ၄၅ ပွဲ အနိုင်ရခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ ရှုံးပွဲကတော့ ၁၀ နှစ်အတွင်းမှာ အသင်းအတွက် အကြီးမားဆုံး ဂိုးပြတ်နဲ့ ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျော့ကျသွားပါတယ်။ 
2 years Ago
Up