ဘိုင်ယန်နည်းပြ

September 24, 2020

ရာနှုန်းပြည့်အာရုံစိုက်ကစားမှ ဆီဗီလာကို နိုင်မည်ဟု ဘိုင်ယန်နည်းပြ ပြော

ဆီဗီလာနဲ့ ကစားမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ရာနှုန်းပြည့်အာရုံစိုက်ကစားမှ နိုင်ပွဲရမယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ပြောပါတယ်။  ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ဟာ ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က ပွတ်ရှ်ကတ်ကွင်းမှာ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီခွဲ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။  အဲဒီပွဲစဉ်အတွက် ရာနှုန်းပြည့် အာရုံစိုက်ကစားဖို့လိုအပ်ပြီး ၉၈ ရာခိုင်နှုန်း ဒါမှာမဟုတ် ၉၉ ရာခိုင်နှုန်းလောက်သာ အာရုံစိုက်ကစားပါက ရှုံးနိမ့်သွားနိုင်တယ်လို့ ဘိုင်ယန်နည်းပြ ဖလစ်ခ်က ပြောပါတယ်။  ဘိုင်ယန်ဂိုးသမား နူအာကတော့ ဗိုလ်လုပွဲ ကျင်းပမယ့် ဟန်ဂေရီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စံချိန်တင်မြင့်မားနေပေမဲ့ ပွဲအပေါ်မှာသာ အာရုံစိုက်ထားပြီး စူပါဖလားရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။  နည်းပြ ဖလစ်ခ်ကတော့ ဂျာမနီမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေဆဲ ဖြစ်တာကြောင့် ဟန်ဂေရီနိုင်ငံမှာ လာကစားရတဲ့အပေါ်မှာ ထူးခြားမှုတစုံတရာမရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
8 months Ago

September 18, 2020

အယ်ကန်တာရာကို ခေါ်ယူခဲ့သည့် လီဗာပူးအတွက် ဂုဏ်ယူကြောင်း ဘိုင်ယန်နည်းပြပြော

သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် ဂုဏ်ယူကြောင်း ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်က ပြောပါတယ်။  အယ်ကန်တာရာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်း ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးခဲ့ရာမှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။  သီယာဂိုက အသင်းအတွက် အရေးကြီးတဲ့ ကစားသမားဖြစ်ခဲ့ပြီး နည်းပြအဖွဲ့ဝင်တွေအားလုံးဟာ သူနဲ့ အလုပ်လုပ်ခဲ့ရတာကို ကျေနပ်ပျော်ရွှင်ခဲ့ကြတယ်လို့ နည်းပြ ဖလစ်ကပြောပါတယ်။  ဒါ့အပြင် သီယာဂိုကို နှုတ်ဆက်စကားပြောရတာ ဝမ်းနည်းမိပြီး လီဗာပူးအသင်းအတွက်တော့ ထိပ်တန်းကစားသမားတဦးကို ရလိုက်တာတင်မဟုတ်ဘဲ လူပုဂ္ဂိုလ်တဦးအနေနဲ့လည်း ကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ နည်းပြ ဟန်ဆီဖလစ်က ပြော ပါတယ်။  သီယာဂိုဟာ အသင်းရဲ့ ကစားကွက်တွေအတွက် ရွေးချယ်စရာ ပိုများစေပြီး မမျှော်လင့် ထားတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ ကစားသမားဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။  လီဗာပူးအသင်းဟာ စပိန်လက်ရွေးစင် သီယာဂို အယ်ကန်တာရာအတွက် ပေါင် ၂၅ သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ 
8 months Ago
Up