ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာသွားတဲ့ အိုဇေးလ်နဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
တူရကီနွယ်ဖွား အိုဇေးလ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင်က အသင်းဖော် ဂန်ဒိုဂန်နဲ့အတူ တူရကီ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အပေါ်မှာ ဂျာမန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဘက်က အမြင်မကြည်လင်ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ဖို့အထိ တိုက်တွန်းခဲ့ဖူးတာပါ။
ဒီအချက်တွေကြောင့် မိမိအပေါ်မှာ လေးစားမှု မရှိတဲ့အပြင် လူမျိုးရေး ခွဲခြားမှု လုပ်ခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာလို့ အိုဇေးလ်က သူ့ရဲ့ တွစ်တာကနေတဆင့် ကြေညာခဲ့တာပါ။
အိုဇေးလ်အနေနဲ့ ၂၀၁၄ လောက်ကတည်းက အနားယူသင့်ပြီး သူ့အနေနဲ့ အဲဒီအချိန်မှာ ဘောလုံးဖျက်ထုတ်မှု တကြိမ် လုပ်နိုင်ခဲ့ပြီး နောက်ပိုင်း အခုချိန်ထိ အသင်းအတွက် စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့ဘူးလို့ ဘိုင်ယန်အသင်း ဥက္ကဋ္ဌ ဟိုးနက်စ်က ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်အသင်းအနေနဲ့ အာဆင်နယ်နဲ့ ကစားတိုင်း အသာရခဲ့တာဟာ အိုဇေးလ်ကို အားနည်းချက်အဖြစ် အသုံးချခဲ့လို့လည်း ဝေဖန်ခဲ့ပါတယ်။
5 years Ago