ဘိုကလေးမြို့

April 15, 2019

ဘိုကလေးမြို့ ကဒုံနိကမ်းခြေတွင် ၈ တန်းကျောင်းသားတဦး ရေထဲမျောပါ ပျောက်ဆုံး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံနိကမ်းခြေမှာ သင်္ကြန်ရေကစားနေစဉ် ရေစီးနဲ့မျောပါသွားတဲ့ ၈ တန်းကျောင်းသားကို ရှာဖွေလို့ မတွေ့သေးဘူးလို့ အဲဒီကမ်းခြေမှာရှိတဲ့ ဒေသခံဆိုင်ရှင်တဦးက ပြောပါတယ်။ သင်္ကြန်အကျနေ့ ညနေပိုင်းက ကမ်းခြေမှာ ရေကစားနေတဲ့ ၈တန်းကျောင်းသားတဦးဟာ ရေနက်ပိုင်းရောက်ရှိသွားပြီး ရေစီးနဲ့ မျောပါနစ်မြှုပ်သွားခဲ့တာပါ။ မျောပါသွားတဲ့ကျောင်းသားကို မိသားစုဝင်တွေက ကမ်းခြေမှာ ကန်တော့ပွဲပေးပြီး လိုက်လံရှာဖွေနေပေမယ့် သင်္ကြန်အကြတ်နေ့ အထိတွေ့ရှိခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် သင်္ကြန်အကြတ်နေ့မှာ ကဒုံကမ်းခြေကို လာရောက်လည်ပတ်သူ နည်းသွားတယ်လို့ ဆိုင်ရှင်တဦးက ပြောပါတယ်။
2 years Ago

October 29, 2018

ဘိုကလေးမြို့မရဲစခန်းတွင် သေနတ်ကျည်မှန်၍ အချုပ်သား ၁ ဦး သေဆုံး

ဧရာဝတီတိုင်း ဘိုကလေးမြို့မရဲစခန်းရဲ့ အချုပ်ခန်းအတွင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီက ကင်းကျရဲတပ်သားတဦးရဲ့ သေနတ်ကျည်ထိမှန်ပြီး အချုပ်သားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘိုကလေးမြို့မရဲစခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သားထက်ရှားနဲ့ ဇော်မင်းတို့ မုဒိမ်းမှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီးစကားများနေချိန်မှာ အချုပ်ကင်းကျ ရဲတပ်သားအောင်သူ အချုပ်ခန်းဘေး ကြည့်ရှုနေတယ်လို့  ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီအချိန်မှာ အချုပ်ခန်းအတွင်း ရေချိုးပြီး ထွက်လာတဲ့ အချုပ်သား ထွန်းမင်း (ခ) ကလေးငယ်ကို ရဲတပ်သား အောင်သူက သေနတ်နဲ့ချိန်ပြီး “မင်းတို့ ရုတ်ရုတ်မလုပ်နဲ့ ငါစမ်းသပ်ရမလား” လို့ ပြောဆိုစဉ်မှာ သေနတ်မောင်းခလုတ်နှိပ်မိခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက “တပ်ဖွဲ့ဝင်တယောက်က ကျည်မတော်တဆ ထွက်သွားပြီး အချုပ်သားတယောက်သေတယ်။ လူသေတော့ ရဲတပ်သားလေးကို ပေါ့ပေါ့လျော့လျော့ လက်နက်ကိုင်တွယ်တယ်ဆိုပြီး အမှုဖွင့်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး ရဲစည်းကမ်းထိန်းရေး ဥပဒေအရနဲ့လည်း စစ်ဆေးအရေးယူဖို့ လုပ်ထားတယ်။” သေနတ်ကျည်ထိမှန် သေဆုံးခဲ့တဲ့ ၁၉ နှစ်အရွယ်ရှိ အချုပ်သား ထွန်းမင်း (ခ) ကလေးငယ် မှာ မတ်လအတွင်းက ဘိုကလေးမြို့ကန်ဘောင်ပေါ် ဓားနဲ့လုယက်ခဲ့မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ နဲ့ စစ်ဆေးခံနေရသူဖြစ်ပြီး သေနတ်ကျည်က ပါးစပ်ကို ဖောက်ဝင် သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်အတွက် ရဲတပ်သားအောင်သူကို ဘိုကလေးမြို့မရဲစခန်းက (ပ)၄၁၅/၂၀၁၈ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ပါ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
2 years Ago
Up