ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ဘိလိယက် တဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာကစားသမား ဦးပေါက်စက ပြိုင်ဘက် စင်ကာပူကစားသမား ပီတာဂေးလ်ခရစ်ကို အနိုင်ရပြီး မြန်မာနိုင်ငံအတွက် ၅ ခုမြောက် ရွှေတံဆိပ် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါတယ်။
ဒီမနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိလိယက် တဦးချင်းပြိုင်ပွဲမှာ မြန်မာကစားသမား ဦးပေါက်စဟာ ၂၀၀၉ ခုနှစ်ကတည်းက ရွှေတံဆိပ် ၆ ကြိမ်ရထားတဲ့ လက်ရှိချန်ပီယံ စင်ကာပူဘိလိယက် ကစားသမား ပီတာဂေးလ်ခရစ်ကို (၃ - ၁ ) ပွဲနဲ့ အနိုင်ရရှိကာ ရွှေတံဆိပ်ဆုရခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ စင်ကာပူဘိလိယက်ကစားသမား ပီတာဂေးလ်ခရစ်က ဒုတိယ ငွေတံဆိပ်ဆုနဲ့ နှစ်သိမ့်လိုက်ရပြီး တတိယ ကြေးတံဆိပ်ဆုကိုတော့ ထိုင်းက ပရပွတ်နဲ့ ယွတ်တာပေါ့တို့က အသီးသီးရရှိသွားပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဝါရင့် ဘိလိယက်ကစားသမား ဦးပေါက်စဟာ ကွာတားဖိုင်နယ်အဆင့်ကနေ စတင်ကစားခဲ့ရပြီး ဗီယက်နမ်ကစားသမားကို ၃ ပွဲပြတ်အနိုင်ရခဲ့ကာ ဆီမီးတက်ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာလည်း ထိုင်းနိုင်ငံက နာမည်ကြီး ဘိလိယက်ကစားသမား ပရာပွတ်ကို (၃ - ၁ ) ပွဲနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။
ဗီယက်နမ်မှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မေလ ၁၇ ရက်အထိ မြန်မာက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၁၁ ခု စုစုပေါင်း ဆုတံဆိပ် ၂၂ ခု ရရှိထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံထဲမှာ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
မြန်မာအတွက် ရွှေတံဆိပ်ဆုတွေကိုတော့ ကူရက်စ် နပန်း အားကစားနည်းကနေ အေးအေးအောင်၊ ပီတန်းပြိုင်ပွဲကနေ ခင်ချယ်ရီသက်၊ ကာယဗလ ၇၀ ကီလိုတန်းကနေ ရဲထွန်းနောင်နဲ့ ဝူရှူး ထောက်လုအပြ ပြိုင်ပွဲကနေ သိန်းသန်းဦးတို့က အသီးသီး ရယူပေးထားပါတယ်။
နိုင်ငံအလိုက်အဆင့်ရပ်တည်မှုအရ အိမ်ရှင်ဗီယက်နမ်နိုင်ငံက ရွှေ ၉၈ ခုနဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပြီး ထိုင်းက ရွှေ ၄၂ ခုနဲ့ ဒုတိယ၊ ဖိလစ်ပိုင်က ရွှေ အခု ၃၄ နဲ့ တတိယ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
ဒီနောက် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ဘရူနိုင်း၊ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။
PHOTO CREDIT-ACBSport