ဘိန်းစိုက်ပျိုးမှု

May 1, 2018

အမြတ်အစွန်းများမှုကြောင့် အာဖဂန်တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက်လုပ်ဆောင်

အမြတ်အစွန်းများတာကြောင့် အာဖဂန်တောင်သူတွေဟာ ဘိန်းစိုက်ပျိုးမှုကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။ အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်က တောင်သူတွေအဖို့ အခုအချိန်ဟာ အလုပ်များတဲ့အချိန် ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ ဘိန်းခင်းထဲက ဘိန်းစေးကို အချင်းချင်း ကူညီ ထုတ်ပေးကြလို့ပါ။ ပြီးရင် လှီးထားတဲ့ ဘိန်းစေးတွေကို ပလတ်စတစ်ခွက်ထဲ တည့်တယ်။ လူတဦး တနှစ်ဝင်ငွေ ဒေါ်လာ ၆၀၀ အောက်လျော့တဲ့ အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ခင်းပိုင်ရှင် မိုဟာမက်နာဒါဟာ တနှစ်ကို ဒေါ်လာ ၃၀၀၀ လောက် ဝင်နေပါတယ်။ သူ့အမြတ်တွေကနေ တာလီဘန်တွေကို ဘိန်းခင်းစောင့်ရှောက်ခ ဝေစုပေးရပါသေးတယ်။ နောက်ပြီး ဒီ တရားမဝင်ပစ္စည်းကို ရောင်းဖို့ ပြည်တွင်းပြည်ပ ဝယ်လက်ကို ရှာရပါသေးတယ်။ မိုဟာမက်နာဒါက “အစိုးရက ကျနော်တို့ကို ဘိန်းမစိုက်ဖို့ ပြောတယ်။ ကျနော်တို့ အရေးမစိုက်ပါဘူး။ စိုက်မြဲ စိုက်ပါတယ်။ တာလီဘန်တွေက ကျနော်တို့ကို ဘာမှမပြောဘူး။ ဘာလို့လဲဆိုတော့ ဘိန်းစိုက် တောင်သူတွေဆီက သူတို့ ဆက်ကြေးရတယ်လေ” လို့ ပြောပါတယ်။ လောလောဆယ်ကတော့ ဘိန်းသီးနှံစိုက်လို့ရတဲ့ ဝင်ငွေဟာ တခြားသီးနှံထက် ပိုကောင်းနေပါတယ်။ တကယ်လို့ နာဒါဟာ ဂျုံသီးနှံပြောင်းစိုက်မယ်ဆိုရင် သူ့ဝင်ငွေဟာ သုံးပုံတပုံ လျော့သွားမှာပါ။ “ကျေန်ာတို့က အစိုးရကို ဘိန်းအစားထိုးသီးနှံအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ တောင်းထားပါတယ်။ တခြား မျိုးမျိုးမြတ်မြတ်လေးရမယ့် ခရမ်းချဉ်သီးတို့ တခြားသီးနှံတို့ပေါ့ဗျာ။ တခြား အစားထိုးသီးနှံရှိရင် ကျနော်တို့ ဘိန်းစိုက်စရာ မလိုတော့ပါဘူး” လို့ တောင်သူ လာမိုဟာမက်က ပြောပါတယ်။ ကန်ဒါဟာပြည်နယ်ဟာ ဟင်းသီးဟင်းရွက်နဲ့ တလည်းသီး၊ စပျစ်နဲ့ ဆီးသီး စတဲ့  သီးနှံစိုက်ပျိုးရာမှာ ထင်ရှားပါတယ်။ အနောက်နိုင်ငံ ထောက်ခံသူတွေဟာ ဘိန်းစိုက်တောင်သူတွေကို ဘိန်းအစားထိုးသီးနှံ ပြောင်းစိုက်ဖို့ စည်းရုံးနေတာကြာပေမယ့် ဒီသီးနှံတွေအတွက် အခြေခံအဆောက်အအုံနဲ့ ပို့ဆောင်ရေးပိုင်း အားနည်းချက်တွေကြောင့် ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်နိုင်ငံဟာ အဲဒီစိတ်ကူးကို အကောင်ထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာနေရပါတယ်။
3 years Ago
Up