ဘားအံမြို့တွင် တကျော့ပြန်ရေကြီး ရေဘေးစခန်း ထပ်တိုးဖွင့်လှစ်

August 14, 2018

ဘားအံမြို့တွင် တကျော့ပြန်ရေကြီး ရေဘေးစခန်း ထပ်တိုးဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေတိုးလာတဲ့အတွက် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်တွေ ထပ်မံနစ်မြုပ်နေပါတယ်။ ဘားအံမြို့မှာ ပထမတခေါက် ရေကြီးမှုဖြစ်ပွားခဲ့တုန်းက ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားခဲ့ပြီး ရေပြန်ကျသွားတဲ့အတွက် စခန်းတချို့ပိတ်က ၅ ခု ကျန်နေခဲ့ပါတယ်။ အခုတခါ ရေထပ်မံတိုးလာတဲ့အတွက် မနေ့ကစပြီး ကယ်ဆယ်ရေးစခန်း နောက်ထပ် ၂ ခု ပြန်လည်ဖွင့်လှစ် ပေးထားရတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။ “ရေကတော့ နည်းနည်းပြန်တက်ပါတယ်ခင်ဗျာ။ အနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေ၀င်တာ ရှိပါတယ်။ ကျနော်တို့ ပထမ စခန်း ၁၆ ခုမှာ ရေကျသွားတဲ့အခါကျတော့  ပြန်လျော့လိုက်တော့ ၅ ခုပဲ ကျန်ပါတယ်။ အခုရေပြန်တက်တဲ့အတွက်ကြောင့် စခန်း ၇ ခုပေါ့၊ စခန်း ၂ ခု ထပ်တိုးပြီး ဖွင့်လှစ်ထားပါတယ်။” စာသင်ကျောင်းတွေကတော့ ရေ၀င်တဲ့ကျောင်းကလွဲပြီး ကျန်တဲ့ကျောင်းတွေ ဖွင့်လှစ် ထားပါတယ်။ ဘားအံမြို့မှာ ဒီကနေ့ ညနေ ၃ နာရီအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ၈၇၈ စင်တီမီတာ ရှိနေပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း ဒီကနေ့ ရေအနည်းငယ်ပြန်တက်ပေမယ့် စိုးရိမ်ရေမှတ် မရောက်သေးသလို မြို့တွင်းရေ၀င်တာမရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောပါတယ်။
3 years Ago
Up