ဘားအံထောင် အကျဉ်းသားများထွက်ပြေးမှုဖြင့် အရေးယူခံရသည့်ကိစ္စ ထောင်ပိုင်ကြီး အတည်မပြု

September 20, 2018

ဘားအံထောင် အကျဉ်းသားများထွက်ပြေးမှုဖြင့် အရေးယူခံရသည့်ကိစ္စ ထောင်ပိုင်ကြီး အတည်မပြု

ဘားအံအကျဉ်းထောင်ဖောက် ထွက်ပြေးမှုဖြစ်စဉ်မှာ ထောင်ပိုင်ကြီးရာထူးကနေ ယာယီရပ်ဆိုင်းခံထားရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ထောင်ပိုင်ကြီး ဦးအေးသန်းက အတည်ပြုပြောဆိုတာ မရှိပါဘူး။ ဘားအံအကျဉ်းထောင် ထောင်ပိုင်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသန်းက “ဒီကောလာဟလကတော့ အပြင်မှာသူတို့ကတော့ သူတို့အမြင်နဲ့ အများကတော့ ပြောကြမှာပေါ့။ ကျနော်တို့ကတော့ တကယ်အခြေအနေ အမှန်တွေနဲ့ ကွဲလွဲရင်လည်း ကွဲလွဲလိမ့်မယ်။ ဒါကတော့ ခုနက ကျနော်ပြောသလိုပဲ ကျနော်တို့က သေချာဖြစ်စဉ်ကို စစ်ဆေးမယ်။ စစ်ဆေးပြီးတော့မှ ကျနော်တို့က ရှင်းလင်းတဲ့ဟာတွေ လူကြီးတွေနဲ့ လုပ်မှာပါ။ ကျနော် ဒီလိုပဲပြောနိုင်တယ်”လို့ ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်မနက်က အကျဉ်းသားတွေဟာ ထောင်တွင်း ဓမ္မာရုံရှေ့မှာရပ်ထားတဲ့ အမှိုက်သည်ယာဉ်မောင်းကို ယာဉ်ပေါ်ကနေ ဆွဲချထိုးကြိတ် မော်တော်ယာဉ်ကို မောင်းနှင်ကာ  အကျဉ်းထောင်တံခါးတွေကို တိုက်ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးကနေ လှိုင်းဘွဲမြို့ဘက်ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ တရားခံပြေး ၄၀ကျော်ကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးရာမှာ ၂၀ကျော်  ပြန်ဖမ်းမိထားပြီး ခေါင်းဆောင်ဖြစ်တဲ့ ကျော်မိန်လ(ခ)အရှောင်ကို အသေပစ်ခတ်ဖမ်းဆီးရမိသလို ကံမြင့်(ခ) ဇော်ကြီးဟာလည်း သေနတ်မှန်သေဆုံးခဲ့ပါတယ်။ သတင်း-ဓာတ်ပုံ -ရဲမင်းခေါင်
3 years Ago
Up