ဘားအံရဲစခန်းရှေ့

February 11, 2021

ဖမ်းဆီးခံ ကျောင်းသားပြည်သူများ ပြန်လွှတ်ပေးရန် ဘားအံရဲစခန်းရှေ့ ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆန္ဒပြဖို့ လာရောက်ရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူနဲ့​ ကျောင်းသားတချို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ​မြို့မရဲစခန်းရှေ့မှာ ဆန္ဒပြသူအချို့က သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်မနက်  ၇  နာရီခွဲလောက်က စစ်အာဏာရှင်စနစ်ဖြုတ်ချရေး  ဆန္ဒထုတ်ဖော်ပွဲလာရောက်တဲ့ ပြည်သူတချို့နဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးပြီး ထိန်းသိမ်းခေါ်ဆောင်သွားတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတာပါ။

"ကျနော်တို့က ဆန္ဒထုတ်ဖော်ပွဲလာရင်းနဲ့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုနေတာ။ ဖမ်းဆီးခံရသူတွေ စာရင်းတိတိကျကျ မသိရသေးဘူး။ ပြန်မလွှတ်မပေးမချင်း တောင်းဆိုသွားမယ်" လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ပညာရေးဝန်ထမ်း ဆရာတစ်ဦးက ပြောပါတယ်။

စတုတ္ထမြောက်ရက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ပွဲအတွက် စုရပ်အဖြစ်သတ်မှတ်ထားတဲ့ အထက ၁ ကျောင်းရှေ့နဲ့ မြို့အဝင်တွေမှာ ရဲအင်အားအလုံးအရင်းနဲ့ စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။

အင်းအားသုံးဖမ်းဆီးရာမှာ ဒေသခံတွေစီးနှင်းလာတဲ့ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးသွားခဲ့ပါတယ်။

ဘားအံမြို့နယ်၊ နောင်လုံကျေးရွာမှာပြုလုပ်တဲ့ ကရင်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်ဖို့ လာရောက်တဲ့ သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိ ဒီဗွီဘီသတင်းဌာနက စုံစမ်းသိရှိချက်အရ ကျောင်းသား ကျောင်းသူ ၅ ဦးလောက် ဖမ်းဆီးခံထားရပြီး ကျန်ဖမ်းဆီးခံစာရင်းကို ရဲတပ်ဖွဲ့က တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ရဲမင်းခေါင်

2 years Ago
Up