ဘာ့စ်က်ခွဲထွက်ရေးခေါင်းဆောင်ဟောင်း

May 17, 2019

စပိန်အစိုးရ အလိုရှိနေသည့် ခွဲထွက်ရေးခေါင်းဆောင်ဟောင်း ပြင်သစ်တွင် အဖမ်းခံရ

စပိန်အစိုးရ အလိုရှိနေတဲ့ ဘာ့စ်က် ခွဲထွက်ရေးအဖွဲ့ ETA ခေါင်းဆောင်ဟောင်း ဂျိုဆူ တာနဲရာဟာ မေလ ၁၆ ရက်နေ့က ပြင်သစ်နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။ စပိန်နဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးက အလိုရှိနေတဲ့ ဂျိုဆူ တာနဲရာဟာ ၁၆ နှစ်ကျော်ကြာ ဝရမ်းပြေးတယောက်အဖြစ် တိမ်းရှောင်နေခဲ့တာပါ။ ပြင်သစ်-စပိန် ပူးပေါင်းစစ်ဆင်ရေးအတွင်း တာနဲရာဟာ ဆေးရုံကားရပ်နားစခန်း တခုမှာ အဖမ်းခံခဲ့ရတာပါ။ သူဟာ ကင်ဆာရောဂါ ကုသမှုခံယူဖို့ ဆေးရုံကိုလာချိန် အဖမ်းခံရတာလို့ အယ်လ်ပိုင်းစ် (El Pais) သတင်းစာက ဖော်ပြပါတယ်။ ၁၉၈၇ ခုနှစ် စပိန်နိုင်ငံ ဇာရာဂိုဇာမြို့မှာ လူ ၁၁ ယောက် သေဆုံးခဲ့တဲ့ အရပ်ဘက်ကာကွယ်ရေး စစ်ရဲအဖွဲ့တန်းလျား ဗုံးခွဲတိုက်ခိုက်မှုကို ညွှန်ကြားခဲ့တဲ့ စွပ်စွဲချက်နဲ့ စပိန်အစိုးရက တာနဲရာကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ဒါ့အပြင် ပြင်သစ်တရားရုံး တခုကလည်း တာနဲရာကို ၂၀၁၇ ခုနှစ်က အကြမ်းဖက်အဖွဲ့ဝင် ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ မျက်ကွယ်အမိန့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီးနောက် သီးခြား ဖမ်းဝရမ်း ထုတ်ပြန်ထားတာပါ။ ပြင်သစ်အာဏာပိုင်တွေဟာ သူ့ကို ဖမ်းပြီးနောက် ဆေးရုံမှာကုသခွင့် ပြုခဲ့တယ်လို့ အယ်လ်မွန်ဒို (El Mundo) သတင်းစာက ဖော်ပြပါတယ်။ တာနဲရာဟာ ETA အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် အချိန်တော်တော်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အဖွဲ့ကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ ETA ခွဲထွက်ရေးအဖွဲ့ဟာ စပိန်နိုင်ငံ မြောက်ပိုင်းနဲ့ ပြင်သစ် အနောက်တောင်ဘက်မှာ ဘာ့စ်က် (Basque) နိုင်ငံ ခွဲထွက်တည်ထောင်ဖို့ ရည်ရွယ်ပြီး တော်လှန်ရေးကာလ နှစ် ၅၀ အတွင်း လူပေါင်း ၈၅၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up