ဘာသာရေးကြွေးကြော်သံ ရွတ်ဆိုခဲ့ဟု အက်ဖ်ဘီအိုင်ပြော

June 23, 2017

အမေရိကန်ရဲကို ဓားဖြင့်ထိုးသူ ဘာသာရေးကြွေးကြော်သံ ရွတ်ဆိုခဲ့ဟု အက်ဖ်ဘီအိုင်ပြော

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဖလင့်လေဆိပ်မှာ ရဲကို ဓားနဲ့ထိုးတဲ့ကိစ္စကို အကြမ်းဖက်မှုအနေနဲ့  စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်အစိုးရတာဝန်သူတွေက ပြောကြားလိုက်ပါတယ်။ ဓားနဲ့ထိုးသူလို့ သံသယရှိခံရသူ အသက် ၅၀ အရွယ် အာမောဖော်တူဟီဟာ လေဆိပ်ရဲကို ဓားနဲ့ မထိုးခင်မှာ မွတ်ဆလင်ဘာသာရေးကြွေးကြော်သံကို ရွတ်ဆိုခဲ့တယ်လို့ ဒက်ထရွိုက် FBI ရဲ့ အထူးစုံထောက်က ပြောကြားပါတယ်။ ဓားနဲ့ထိုးသူလို့ သံသယအရှိခံနေရသူဟာ ကနေဒါနိုင်ငံမှာ နေထိုင်သူတဦးဖြစ်ပြီးတော့ ဇွန် ၁၆ ရက်နေ့က အမေရိကန် နယူးယောက်ကို ရောက်ရှိလာတာပါ။ လေဆိပ်ခရီးသည်အားလုံး ဘေးကင်းလုံခြုံမှုရှိတယ်လို့လည်း လေဆိပ်တာဝန်ရှိသူတွေက ပြောကြားပါတယ်။ “ကျနော်တို့ကတော့ ဒီကိစ္စကို အကြမ်းဖက်လုပ်ရပ်အနေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ သူနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မပြောတော့ပါဘူး။ သူက လေဆိပ်က ရဲအရာရှိ ဂျက်နဗီးရဲ့ လည်ပင်းကို ဓားနဲ့ ထိုးလိုက်တာပါ။ ဓားထိုးခံရတဲ့ ရဲအရာရှိကတော့ ဆေးရုံမှာပါ၊ အခြေအနေကတော့ ကောင်းလာပါပြီ” လို့  ဒက်ထရွိုက် FBI ရဲ့ အထူးစုံထောက်ကြည့်ကြပ်ရေးမှူး ဒေးဗစ် ဂယ်လီယော့က ပြောကြားပါတယ်။   ခရီးသည်တဦးက “ကြောက်စရာကောင်းတယ်။ ဘာဖြစ်လာမလဲ မသိနိုင်ဘူးလေ။ ရဲအရာရှိ ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်“ လို့ ပြောကြားပါတယ်။   “တော်တော်ဆိုးပါတယ်။ ကျနော်တို့နေတဲ့ ကမ္ဘာကြီးက ဝမ်းနည်းစရာပါပဲ။ ကံလည်းဆိုးပါတယ်။ ဘယ်သူလုပ်သလဲ ကျနော်မသိဘူး၊ ဘာလို့လုပ်တာလဲဆိုတာလည်း မသိဘူး၊ ဒါပေမယ့် လုပ်ပြီးသွားပြီလေ” လို့ ခရီးသည်တဦးက ပြောကြားသွားပါတယ်။
5 years Ago
Up