ဘာသာရေးခေါင်းဆောင်

May 26, 2018

ဘာသာရေးခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ/ပြည်တွင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတကာနှင့်ပြည်တွင်းမှ Religions for Peace (RfP) နဲ့ အခြား ဘာသာပေါင်းစုံအဖွဲတွေ့က အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စား လှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘာသာရေးခေါင်းဆောင်တွေက မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ အပြန်အလှန် အမှီသဟဲပြုနေမှုရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးအတွက် ပညာရေးကဏ္ဍ တိုးတက်ရေး အရေးပါမှု အစရှိတာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူတိုင်းသည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို လို လားကြသကဲ့သို့ မေတ္တာထားခြင်းကိုလည်း ခံယူလိုကြကြောင်း၊ ဘာသာတရားအားလုံးသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် မေတ္တာတရား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်း၊ ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာ လုံးနှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူတိုင်းက ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ရဲစွမ်းသတ္တိနှင့် အင်အားများဖြင့် ရှာဖွေဆောင်ရွက်ကြရန် အားပေးလှုံ့ဆော်ပေးရေး မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
4 years Ago

January 13, 2016

ထောင်ဒဏ်ကျခံနေရသည့် အင်ဒိုနီးရှား အစွန်းရောက်ဘာသာရေးခေါင်းဆောင် အယူခံဝင်

အင်ဒိုနီးရှားနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ အစွန်းရောက် မွတ်စလင် ဘာသာရေးခေါင်းဆောင် အဘူဘတ်ကာ ဘတ်ရှာ (Abu Bakar Bashir) ဟာ သူ့ရဲ့ လက်ရှိထောင်ဒဏ် ၁၅ နှစ်ကို လျှော့ပေါ့ပေးဖို့ ဇန်န၀ါရီ ၁၂ ရက်နေ့က တရားရုံးတက် အယူခံဝင်ခဲ့ပါတယ်။ အသက် ၇၈ နှစ်အရွယ် အဘူဘတ်ကာ ဘတ်ရှာဟာ ၂၀၁၁ ခုနှစ်က ထောင်စကျခဲ့တာဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အကြောင်းပြချက်နဲ့ အယူခံဝင်တာပါ။ သူ့ရဲ့အကျဉ်းထောင်ရှိတဲ့ အလယ်ဂျာဗားပြည်နယ် တရားရုံးတရုံးမှာ အယူခံဝင်ခဲ့တာဖြစ်ပြီး သူ့ကို ထောက်ခံသူတချို့က တရားရုံးအပြင်ဘက်မှာ အားပေးထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ သူ့ရဲ့ထောင်ဒဏ် ပထမ ၅ နှစ်အတွင်း ပထမဆုံး လူထုရှေ့မှောက် ထွက်လာတာလည်း ဖြစ်ပါတယ်။ ဂျကာတာမြို့တော် တရားရုံးမှာ သူ့ကို ၂ ကြိမ် ရုံးချိန်းခဲ့သေးပေမယ့် အင်ဒိုနီးရှား ဥပဒေအရ တရားခံကိုယ်တိုင် မသွားရောက်နိုင်တဲ့အတွက် ရုံးချိန်းပျက်ခဲ့ပါသေးတယ်။ အမေရိကန်နဲ့ ဒေသတွင်း ထောက်လှမ်းရေး အာဏာပိုင်က အဘူဘတ်ကာ ဘတ်ရှာဟာ အရှေ့တောင်အာရှ မွတ်စလင် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဂျမားအစ္စလာမ်မီယာရဲ့ထိပ်တန်းခေါင်းဆောင်ဆိုပြီး စွပ်စွဲခံရတာပါ။ အဲဒီ ဂျမားအစ္စလာမ်မီယာ အကြမ်းဖက်အဖွဲ့ဟာ ၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဘာလီကျွန်း ဗုံးဖောက်ခွဲမှုနဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း တခြား အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
6 years Ago
Up