ဘာသာရေးလွတ်လပ်ခွင့်

October 1, 2020

ဘာသာရေးလွတ်လပ်ခွင့် တိုက်ခိုက်သည့် အဆိုးဆုံးနိုင်ငံဟု တရုတ်ကို အမေရိကန်စွပ်စွဲ

တရုတ်ဟာ ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ခိုက်တဲ့နေရာမှာ ကမ္ဘာ့အဆိုးဆုံးနိုင်ငံလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက စက်တင်ဘာ ၃၀ မှာ ပြောလိုက်ပါတယ်။  ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန် နန်းတော်နဲ့ တရုတ်အစိုးရကြား နီးကပ်တဲ့ ဆက်ဆံရေးကို လတ်တလော ဝေဖန်နေချိန်မှာ ခုလို မိန့်ခွန်း ပြောလိုက်တာပါ။  အီတလီနိုင်ငံမြို့တော် ရုမ်းကို ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်နေတဲ့ ပွန်ပေအို ဟာ တရုတ် လူ့အခွင့်အရေး စံချိန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တာပါ။  ဘာသာရေး လွတ်လပ်ခွင့်ကို ဒီမိုကရေစီ စနစ်အတွင်းကနေ ခုခံမြှင့်တင်ရေး ခေါင်းစဉ်နဲ့ ဗာတီကန်က သီးသန့်ဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောချိန်မှာ ပွန်ပေအိုက တရုတ်နိုင်ငံထဲမှာထက် ပိုပြီး ဘာသာရေး လွတ်လပ်ခွင့်ကို သည်းကြီးမည်းကြီး တိုက်ခိုက်တဲ့နေရာမှာ ဘယ်မှာမှ မရှိဘူးလို့ ပြောပါတယ်။  ဝီဂါနဲ့ တခြား မွတ်စလင် တိုင်းရင်းသား လူနည်း စုတွေ နှိပ်စက် ညှဉ်းပန်းခံနေရ တယ်လို့လည်း သူက ပြောပါတယ်။  တရုတ်ကတော့ သက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေလို့ သူတို့ ပြောတဲ့နေရာတွေ မှာ ဝီဂါတိုင်းရင်းသားတွေကို ဘယ်လို နှိပ်စက်မှုမှ မလုပ်ဘူးလို့တသမတ်တည်း  ငြင်းပါတယ်။  အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အင်မတန်အောင်မြင်ခဲ့တယ်လို့လည်း ပြောပါတယ်။  လတ်တလော နှစ်တွေအတွင်း ရှင်းကျန်းပြည်နယ်ထဲက မတည်ငြိမ်မှုကြောင့် လူရာချီ သေဆုံးပါတယ်။  တရုတ်အစိုးရကတော့ ဒါဟာ အစွန်းရောက်သမားတွေ အစ္စလာမ္မစ်တွေရဲ့ လက်ချက်လို့ ပြောပါတယ်။  လူ့အခွင့်အရေးအုပ်စုတွေနဲ့ ပြည်ပြေးတွေကတော့ အကြမ်းဖက်မှုတွေဟာ တရုတ်ရဲ့ ဝီဂါ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုရဲ့ တုံ့ပြန်ချက် ဖြစ်တာ ပိုများတယ်လို့ ပြောပါတယ်။  ဆွေးနွေးပွဲအပြီးမှာ ပွန်ပေအိုဟာ အီတလီအစိုးရဌာနချုပ်မှာ ဝန်ကြီးချုပ်ကို တွေ့ဆုံ ပါတယ်။  အဲဒီနောက် သူဟာ အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ အောက်တိုဘာ ၁ ရက်မှာ တွေ့ဆုံပြီး ဗာတီကန်နန်းတော်ရဲ့ အတွင်းရေးမှူးနဲ့ တွေ့ဆုံမှာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဖို့ အစီအစဉ်တော့ မရှိဘူးလို့ ရိုက်တာက ရေးပါတယ်။ 
7 months Ago
Up