ဘာလုပ်ပေးနိုင်လဲ

A d v e r t i s e m e n t With Us

April 4, 2020

ကပ်ဘေးကြုံရင် စစ်တပ်တွေ ဘာလုပ်ပေးနိုင်လဲ 

မြန်မာပြည်ဟာ တပ်မတော်ရဲ့ အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိ တပ်မတော်ဟာ နေရာတကာမှာ ရှိခဲ့ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေတဲ့ တိုင်းရင်းသား ဒေသတွေသာမက မြို့ကြီးပြကြီးတွေအထိ တပ်မတော်ရဲ့ အာဏာ ဖြန့်ကြက်ထားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးရဲ့ လက္ခဏာတွေ ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စစ်သားတွေကို လမ်းပေါ်မှာ တွေ့လာရပြီဆိုရင် ဒါဟာ နိုင်ငံရေး မတည်ငြိမ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ မြန်မာပြည်မှာ တင်းကျပ်တဲ့ စစ်အုပ်ချုပ်ရေးကာလကို ဖြတ်သန်းခဲ့ရတဲ့အတွက် စစ်သားတွေ လမ်းမတွေပေါ်မှာ မြင်ရမှာကို တွန့်ဆုတ်နေကြပါတယ်။ အခုလို ကိုရိုနာကပ်ဘေးနဲ့ ကြုံနေရတဲ့ အခြေအနေမှာ တပ်မတော်ရဲ့ အကူအညီကို တောင်းခံလိုက်ရင် စစ်အုပ်ချုပ်ရေးကာလကို ပြန်ရောက်သွားနိုင်သလားလို့ တချို့က မေးကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ တကယ့်ကိုပဲ အခြေကျနေတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာလည်း စစ်တပ်တွေဟာ လိုအပ်ရင် လမ်းမပေါ် ထွက်လာရတာ ထုံးစံပါပဲ၊ လူထုဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ မဟုတ်ပါဘူး။ ဥပမာ- ရေဘေး၊ ငလျင်ဘေး၊ သဘာဝဘေးတို့ ကြုံလာရင် နိုင်ငံတွေရဲ့ စစ်တပ်တွေဟာ ဝင်ကူရစမြဲ ဖြစ်ပါတယ်။ တကယ့်ကို ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေလို့ ဆိုရမယ့် အီးယူနိုင်ငံတွေမှာလည်း အကြမ်းဖက်မှုအန္တရာယ် စိုးရိမ်ရရင် စစ်သားတွေဟာ ရထားဘူတာတွေနဲ့ တခြား အများပြည်သူ အသွားအလာများတဲ့ နေရာတွေမှာ လုံခြုံရေးယူရတာ ရှိပါတယ်။ အမေရိကန်မှာ ၂၀၀၅ ခုနှစ်က ဟာရီကိန်း ကက်ထရီနာဘေးနဲ့ ကြုံတဲ့အခါမှာ ကာကွယ်ရေးဌာနက တပ်အင်အား ၇ သောင်းအထိ ဖြန့်ကြက် ကူညီပေးခဲ့ရပါတယ်။ မြန်မာတပ်မတော်ဟာလည်း ဒီနှစ်ပိုင်းတွေအတွင်း အရင်လောက် လူမြင်ကွင်းမှာ မရှိတော့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ရေဘေးတွေမှာ အကူအညီပေးခဲ့တာ ရှိပါတယ်။ အခု ကိုရိုနာ ကူးစက်ရောဂါကပ်ဘေးမှာလည်း အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ တောင်အာဖရိက၊ ဆွစ်ဇလန်၊ အိန္ဒိယ၊ မလေးရှား၊ အစ္စရေး၊ သြစတြေးလျ စတဲ့နိုင်ငံအသီးသီးဟာ နိုင်ငံရဲ့ စစ်တပ်ကို ထုတ်သုံးလာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရန်တပ်ဖွဲ့တွေ၊ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ စစ်မှုထမ်းဟောင်းတွေကိုပါ ထုတ်သုံးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အုပ်ချုပ်ရေးဆိုင်ရာ အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဂျာမနီ၊ သြစတြေးလျနဲ့ တခြား နိုင်ငံတွေဟာလည်း သူ့ ပုံစံနဲ့သူ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။  ဂျာမနီဆိုရင် အမြဲတမ်း တပ်အင်အားရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးလောက်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဗြိတိန်က အင်အား  ၂၀၀၀၀ လောက်ကို ကိုရိုနာ ကပ်ဘေး ရင်ဆိုင်ရာမှာ အသုံးပြုဖို့ အဆင်သင့် ရှိနေပါတယ်။ ဒါဟာ အီရတ်စစ်ပွဲအပြီး အကြီးမားဆုံး အသုံးပြုတဲ့ စစ်အင်အား ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပိုလန်နိုင်ငံမှာ စစ်တပ်အင်အား ၅၀၀၀ ကျော် အသုံးပြုနေပါတယ်။ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့အင်အား ၁၄၆၀ က နယ်စပ်ဝင်ပေါက်တွေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ တောင်အာဖရိက၊ အိန္ဒိယ၊ မလေးရှားတို့မှာလည်း လူစုလူဝေးတွေ မဖြစ်ဖို့၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို ပြည်သူတွေ လိုက်နာအောင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အသုံးပြုနေတာ ရှိပါတယ်။ မြန်မာပြည်မှာလည်း ကိုရိုနာကပ်ဘေးမှာ စစ်တပ်ရဲ့ အကူအညီ လို၊ မလိုကို အငြင်းပွားနေကြပါတယ်။ တပ်မတော်ကို ထောက်ခံသူတွေ၊ တပ်မတော်ဝင်လာမှာ သံသယရှိသူတွေ ရှိနေကြပါတယ်။ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားထားပြီး စစ်တပ်တွေရဲ့ တာဝန်တွေကို ကန့်သတ်ထားတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်တွေကို ဒီလို အခြေအနေမျိုးမှာ ဘာလို့ အသုံးပြုရသလဲ ဆိုတာကို ကြည့်ရအောင်။ ၁။ လူအင်အား စစ်တပ်တွေမှာ သေချာ လေ့ကျင့်ထားပြီး စည်းကမ်းသေဝပ်၊ အမိန့်နာခံတပ်တဲ့ အင်အားတွေ၊ အရည်အချင်းမျိုးစုံ ရှိနေတယ်။ လိုအပ်တဲ့ ကိရိယာတွေ တပ်ဆင်ထားပြီးသား ဖြစ်သလို လိုအပ်တဲ့နေရာကို လိုအပ်သလို၊ အချိန်တိုအတွင်း ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ကြတယ်။ စစ်စခန်းတွေ ထောက်ပို့ရေးမှာ သုံးနေတဲ့ အရင်းအမြစ်တွေ၊ ယာဉ်တွေ၊ လေယာဉ်ကွင်းတွေ ရှိတဲ့အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ လိုအပ်သလို အသုံးပြုနိုင်တယ်။ ၂၊ ဆေးဘက်ဆိုင်ရာ အကူအညီ စစ်တပ်တွေမှာ ဆေးတပ်အင်အား အကန့်အသတ် ရှိကောင်း ရှိနိုင်ပေမယ့် တကယ် ကျွမ်းကျင်တဲ့ ဆရာဝန်၊ သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေ ရှိကြတယ်။ ဆေးပစ္စည်းတွေ ရှိတယ်။ အမေရိကန်စစ်တပ်က နှာခေါင်းစည်း ငါးသန်းနဲ့ အသက်ရှူစက်ပေါင်း ၂၀၀၀ ကို ကူညီပေးဖို့ သဘောတူထားတယ်။ တခြားနိုင်ငံတွေကတော့ အမေရိကန်စစ်တပ်လောက် အရင်းအမြစ် မရှိနိုင်ပေမယ့် သူ့အတိုင်းအတာနဲ့သူ အရင်းအမြစ်တွေ ရှိနေကြတယ်။ အမေရိကန် စစ်တပ်ဟာ ရွေ့လျားလို့ရတဲ့ ဆေးရုံ ၂ ရုံကိုလည်း အသုံးပြုမယ်လို့ ကြေညာတယ်။ သေချာပြင်ဆင်ပြီးရင် ပင်လယ်ဆိပ်ကမ်းမြို့တွေဆီကို ပြောင်းရွှေ့ပြီး ဆေးကုသမယ့် အစီအစဉ် ဖြစ်ပါတယ်။ ၃။ ထောက်ပံ့ရေး ဒီအပိုင်းက နိုင်ငံတကာ စစ်တပ်တွေ အကျွမ်းကျင်ဆုံးအလုပ်ပါပဲ။ အရေးကြီးတဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်ပါတယ်။ ဗြိတိန်မှာ အောက်ဆီဂျင် စလင်ဒါတွေကို တနေရာကနေ တနေရာကို စနစ်တကျ ပို့ဆောင်ဖို့ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေ ရှိပါတယ်။ ဒီအဖွဲ့တွေဟာ ထောက်ပံ့ရေးစနစ်မှာ လိုအပ်နေတဲ့ ကွက်လပ်ကိုလည်း ဖြည့်ပေးနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ စစ်တပ်က အသုံးပြုနေတဲ့ ဆက်သွယ်ရေးစနစ်တွေကလည်း လိုအပ်ရင် အသုံးပြုနိုင်တဲ့အတွက် အရေးကြီးပါတယ်။ ၄။ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ဒီအပိုင်းနဲ့ပတ်သက်လို့တော့ တချို့က သိပ်မကြည်ဖြူကြပါဘူး။ ဥရောပနိုင်ငံတွေမှာ ဒီလို အရပ်သား ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စစ်တပ်ကို တာဝန်မပေးချင်ကြပါဘူး။ ရဲတပ်ဖွဲ့ကိုပဲ တာဝန်ပေးချင်ကြပါတယ်။ ဒါပေမဲ့ ရဲအင်အားနဲ့ မလောက်ဘူးဆိုရင်တော့ စစ်တပ်ကိုလည်း မဖြစ်မနေ အခြေအနေမှာ အသုံးပြုကြပါတယ်။ လူထုနဲ့ တိုက်ရိုက် ရင်ဆိုင်တာမျိုး မဖြစ်စေဘဲ အရေးကြီးတဲ့ အဆောက်အဦတွေ၊ ပစ္စည်းသိုလှောင်ဌာနတွေကို စောင့်ရှောက်တဲ့ တာဝန်မျိုးတွေပါပဲ။ လူထုနဲ့ ထိတွေ့ဆက်ဆံရတဲ့ ကျန်တဲ့ကိစ္စတွေကိုတော့ ရဲတပ်ဖွဲ့က သူရဲ့ မူလတာဝန်ဝတ္တရားအတိုင်းပဲ တာဝန်ယူ ဆောင်ရွက်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေရဲ့ ထုံးစံတွေ မတူနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာ စစ်ရဲတပ်ဖွဲ့ ရှိပြီး တာဝန် နှစ်မျိုးလုံးကို ထမ်းဆောင်တာလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အလိုက် အရန်တပ်ဖွဲ့တွေရှိပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အတိုင်း တာဝန်ထမ်းဆောင်ရပါတယ်။ ၅။ ပြည်သူကို အာမခံချက်ပေးခြင်း နိုင်ငံမှာ အရေးကြုံလာရင် အစိုးရက စစ်တပ်ကို ခေါ်ယူ တာဝန်ပေးတယ်ဆိုတာ ပြည်သူကို နိုင်ငံတော်ရဲ့ အကာအကွယ်ရှိနေတယ်ဆိုတာ စိတ်ချစေလိုတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်တွေဟာ ပြဿနာတခုလုံးရဲ့ အဖြေမဟုတ်ပါဘူး။ စစ်တပ်မှာလည်း အကန့်အသတ် ရှိပါတယ်။ စစ်မှုထမ်းတွေကလည်း ရောဂါကူးစက်နိုင်တာပါပဲ။ အမေရိကန်စစ်ဌာနချုပ် (ပင်တဂွန်) က ဥရောပမှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေကို ရောဂါကာကွယ်ရေးအတွက် သီးသန့်နေထိုင်ကြဖို့ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခု ကိုရိုနာရောဂါကပ်ဘေးမှာ တပ်မတော်က ဘယ်အပိုင်းက ပါဝင်မလဲ ဆိုတာကို မရှင်းလင်းလှသေးပါဘူး။ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့် ရှိသူက အစိုးရ၊ အထူးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်မှုအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့အနေနဲ့ နိုင်ငံတော်သမ္မတအောက်မှာပဲ တာဝန်ထမ်းဆောင်နေတယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီဆိုပြီး ကော်မတီ နှစ်ရပ် ဖွဲ့စည်းထားပြီး ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ ပါဝင်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီမှာ ဒုတိယသမ္မတ(၁)က ဦးဆောင်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပါဝင်လာပါတယ်။  အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဟာ တပ်မတော်မှာ အဆင့်မြင့် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်တွေ ပေးအပ်ထားတာ တွေ့ရပါတယ်။ အရေးပေါ် တုံ့ပြန်ရေးကော်မတီဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ပြည်နယ်။ တိုင်းအစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်ငန်းတာဝန်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ကိုရိုနာကပ်ဘေးဟာ လူသားသမိုင်းမှာ မျိုးဆက်နဲ့ချီ မကြုံခဲ့ရတဲ့ အကျပ်အတည်း ပြဿနာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရနဲ့ တပ်မတော်တို့ကြား ဆက်ဆံရေးကို မှတ်တမ်းတင်မယ့် သမိုင်းမှတ်ကျောက်လည်း ဖြစ်ပါတယ်။ (နေသွင်ညိဏ်း)
11 months Ago
Up