ဘာလီကျွန်း

A d v e r t i s e m e n t With Us

December 15, 2020

ဘာလီကျွန်းဗုံးခွဲမှု နောက်ကွယ်ကစေခိုင်းခဲ့သူကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

၂၀၀၂ ခုနှစ်တုန်းက လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဘာလီကျွန်း ဗုံးခွဲမှုဖြစ်စဉ်မှာ နောက်ကွယ်က ကြိုးကိုင်သူလို့ ယုံကြည်ရတဲ့ သံသယရှိသူတစ်ယောက်ကို အင်ဒိုနီးရှား ရဲတွေက ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနောက် သူ့အမှုနဲ့ပတ်သက်တဲ့ သက်သေတွေနဲ့အတူ ဂျကာတာမြို့တော်က ရဲဌာနချုပ်ဆီကို လွှဲပေးခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ သံသယရှိသူ ဇူကာနာအန်ဟာ အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွအုပ်စု ဂျမားအစ်လာမီယာရဲ့ အကြီးတန်း အဖွဲ့ဝင်တွေထဲက တစ်ယောက်လို့ ရဲက ပြောပါတယ်။ သူတို့အုပ်စုဟာ အရှေ့တောင်အာရှမှာ အစ္စလာမစ် ဘာသာရေးဆရာက အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းထားတာပါ။ အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတွေက သူ့ကို ဒီဇင်ဘာ ၁၀ ရက်မှာ ဖမ်းခဲ့တယ်လို့ ရဲပြောခွင့်ရက ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဘာလီကျွန်း ဗုံးခွဲချိန်မှာ စစ်ဦးစီးမှူးဖြစ်တဲ့ ဇူကာနာအန်မှာ အဲရစ်ဆူမာစိုနို ဆိုတဲ့ နောက်နာမည်တခု ရှိသေးတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာက ဆိုပါတယ်။ သူဟာ ဘာလီကျွန်း ဗုံးခွဲမှုမှာသာမက လူ ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၃ ဂျကာတာမြို့ ဗုံးခွဲမှုမှာပါ သုံးတဲ့ ဗုံးတွေကို ထုတ်လုပ်ရာမှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။
3 months Ago

July 6, 2020

ဘာလီကျွန်းတွင် လူထုဆုတောင်းပွဲ ပြန်ခွင့်ပြု

အင်ဒိုနီးရှားနိုင်ငံက အားလပ်ရက် အပန်းဖြေစခန်းသာ နယ်မြေနဲ့ ဟိန္ဒူဘာသာရေး အထိမ်းအမှတ်ကျွန်းဖြစ်ရာ ဘာလီကျွန်းမှာ လူထုဆုတောင်းပွဲတွေကို ဇူလိုင် ၅ ရက်က စတင်ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ ပြန်လာလည်နိုင်အောင် လချီပြီး ဖြည်းဖြည်းချင်း ပြင်ဆင်နေပြီးမှ ပထမဆုံး ခွင့်ပြုတာလည်း ဖြစ်ပါတယ်။ ရိုးရာဝတ်စုံတွေ ဝတ်ပြီး ဘေစာခီဘုရားကျောင်းကို ရောက်လာတဲ့ လူ ၁၀၀၀ ကျော်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုင်တွယ်ပေးဖို့ နတ်ဘုရားတွေကို ကျေးဇူးတင်ကြောင်းပြတဲ့ ဝတ်ပြုပွဲကို တက်ခဲ့ကြပါတယ်။ ဘာလီမှာ ဘဝနေထိုင်မှု ပုံစံသစ် new normal အတွက် ကောင်းချီးပေးဖို့လည်း ဆုတောင်းခဲ့ကြပါတယ်။ ဘာလီကျွန်းမှာ ခရီးသွားလုပ်ငန်းကို အဆင့် ၃ ဆင့်နဲ့ ဖြည်းဖြည်းချင်း ပြန်ဖွင့်သွားမှာဖြစ်ပြီး ဇူလိုင်လကုန်မှာ ပြည်တွင်းခရီးသည်တွေကို စကြိုဆိုမှာ ဖြစ်ကာ စက်တင်ဘာမှာတော့ နိုင်ငံတကာ ခရီးသည်တွေ ရောက်လာနိုင်ရေး တံခါးဖွင့်ပေးဖို့ မျှော်လင့်ထားတယ်လို့ ခရိုင်ဝန် ဒေဝါမာဒေ အင်ဒရာက ပြောပါတယ်။ ဇူလိုင် ၄ ရက် တရက်တည်းမှာ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ၁၄၄၇ ယောက်ရှိပြီး ၅၃ ယောက် သေဆုံးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဘာလီကျွန်းပေါ်မှာတော့ ကူးစက်ခံအတည်ပြု လူနာ ၁၇၉၇ယောက် ရှိပြီး ၉၃၇ ယောက် နေပြန်ကောင်းလာခဲ့သလို ကူးစက်ခံ လူနာ ၁၈ ယောက်လည်း သေဆုံးထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃၀,၀၀ ကျော်နဲ့ သေဆုံးသူ ၃၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
8 months Ago
Up