ဘာလင်မြို့လယ် ခရစ္စမတ်ညဈေးတန်းကို ကုန်ကားနှင့်ဝင်တိုက်၊ အနည်းဆုံး လူ ၁၂ ဦး သေဆုံး

December 20, 2016

ဘာလင်မြို့လယ် ခရစ္စမတ်ညဈေးတန်းကို ကုန်ကားနှင့်ဝင်တိုက်၊ အနည်းဆုံး လူ ၁၂ ဦး သေဆုံး (ရုပ်သံ)

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့လယ်က ခရစ္စမတ်ညဈေးတန်းမှာ ဒီဇင်ဘာ ၁၉ ရက် ညက ကုန်တင်ကားနဲ့ ဒရကြမ်း မောင်းဝင်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားပါတယ်။ လူ ၄၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သဲလွန်စတွေအရ တမင်သက်သက် တိုက်ခိုက်မှုလို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ကုန်တင်ကားပေါ် ပါလာသူတဦးကတော့ သေဆုံးလျက် တွေ့ရှိရပြီး ယာဉ်မောင်းကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ ယာဉ်မောင်းဟာ အာဖဂန်နစ္စတန် ဒါမှမဟုတ် ပါကစ္စတန်နိုင်ငံက လာရောက်တဲ့ ဒုက္ခသည်တဦးဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလက ဂျာမနီနိုင်ငံကို ရောက်ရှိလာခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျာမနီမီဒီယာတွေမှာ ဖော်ပြပါတယ်။ ကုန်တင်ကားကတော့ ပိုလန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်ကားတစီးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက ခိုးလာတာ ဖြစ်နိုင်တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။ ကားပေါ်မှာ သေဆုံးလျက် တွေ့ရှိခဲ့သူကတော့ ပိုလန်နိုင်ငံသား ဖြစ်ပါတယ်။ ယာဉ်မောင်းဟာ ဒီခရစ္စမတ်ညဈေးနဲ့ တမိုင်လောက်အကွာမှာ ကားကို တားစီးခဲ့တာဖြစ်ပြီး သူ့ကို လုံခြုံရေးအာဏာပိုင်တွေက စစ်ကြောနေတယ်လို့ ဘာလင်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ ဒဏ်ရာရသူ ၄၈ ဦးထဲမှာ အနည်းဆုံး ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။
5 years Ago
Up