ဘာလင်ညဈေးတန်း

December 24, 2016

ဘာလင်ညဈေးတန်း တိုက်ခိုက်သူကို အသေပစ်သတ်ဖမ်းဆီး

ဂျာမနီနိုင်ငံ ဘာလင်မြို့က ဈေးထဲမှာ လော်ရီကားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့သူလို့ သံသယရှိတဲ့ တူနီးရှား နိုင်ငံသားတဦးကို အီတလီနိုင်ငံ မီလန်မြို့မှာ ရဲတွေက ဒီဇင်ဘာ ၂၃ ရက်နေ့က အသေ ပစ်သတ်လိုက်ပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့လယ်က ခရစ္စမတ်ညဈေးတန်းမှာ ဒီဇင်ဘာ ၁၉ ရက် ညက ကုန်တင်ကားနဲ့ ဒရကြမ်း မောင်းဝင်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး လူ ၁၂ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ခရစ္စမတ်စေျးတန်းတိုက်ခိုက်ခံရမှုအတွက် တူနီးရှားက ရွှေ့ပြောင်းနေထိုင်သူ အာနစ်အမ်ရီကို ဂျာမနီရဲတွေက နိုင်ငံတ၀န်း ရှာဖွေနေစဉ် အီတလီမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အီတလီနိုင်ငံ မီလန်မြို့ Sesto San Giovanni ဆိုတဲ့ အရပ်မှာ အီတလီဒေသစံတော်ချိန် ၃ နာရီလောက်မှာ ခရစ္စမတ်ဈေးတန်းတိုက်ခိုက်ခဲ့သူလို့ ယူဆရတဲ့ အာနစ်အမ်ရီ ခြေလျင် လျှောက်သွားနေတာကို ပတ္တရောင် ရဲတွေ တွေ့ရှိခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ပတ္တရောင်ရဲတွေက အာနစ်အမ်ရီကို ရပ်တန့်ခိုင်းပြီး စစ်ဆေး မေးမြန်းရာမှာ သေနတ် ဆွဲထုတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့တာလို့ အီတလီ ပြည်ထဲရေးဝန်ကြီး မာကို မင်နစ်တီက ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် ခရစ္စရှန် မိုဗီအိုဆိုတဲ့ ရဲတဦးလည်း ပခုံးမှာ ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ အသေပစ်ခတ် ဖမ်းဆီးခံရသူဟာ ဘာလင်ညဈေးတန်း တိုက်ခိုက်သူဟုတ်မဟုတ်ဆိုတာကို လော်ရီကားပေါ်က လက်ဘွေရာနဲ့ တိုက်စစ်ပြီး အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ အာနစ်အမ်ရီဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံမှာ ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီး လုပ်မှု၊ သူတပါးကို ခြိမ်းခြောက်မှုနဲ့ ခိုးမှုတွေအတွက် ထောင် ၁ နှစ် ကျခဲ့ပြီး ထောင်က လွတ်ပြီးနောက် အီတလီကနေ ပြည်နှင်ဒဏ်ပေးလိုက်လို့ ဂျာမနီမှာ ခိုလှုံခွင့်လျှောက်ထား နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
5 years Ago
Up