ဘာဘီ

January 9, 2019

ဘာဘီရုပ်ကလေးအဖြစ် ဟောလိဝုဒ်မင်းသမီး မားဂေါ့ထ်ရော်ဘီ သရုပ်ဆောင်မည်

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး မားဂေါ့ထ် ရော်ဘီဟာ ပရိသတ်အချစ်တော် နာမည်ကြီးဇာတ်ကောင် ဘာဘီရုပ်ကလေးအဖြစ် သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ နာမည်ကြီး အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ ဘာဘီအရုပ်ကလေးကို မွေးဖွားပေးခဲ့တဲ့ အရုပ်ကုမ္ပဏီ Mattel တို့ ပထမဆုံးအကြိမ် ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် သြစတြေးလျ သရုပ်ဆောင်မင်းသမီး ရော်ဘီဟာ နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်ကြတဲ့ Suicide Squad, I, Tonya နဲ့ Mary Queen of Scots ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး လက်ရှိ ဘာဘီရုပ်ကလေးအဖြစ် သရုပ်ဆောင်ရမယ့်အပေါ် ခုလိုပြောလိုက်ပါတယ်။ “ဒီရုပ်ရှင်ကားမှာ ပါဝင်ခွင့်ရလို့ ကျမအနေနဲ့ တကယ့်ကို ဂုဏ်ယူမိပြီး ကလေးတွေအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေမယ်လို့လည်း ကျမ ယုံကြည်မိပါတယ်။” လက်ရှိအချိန်မှာတော့ ဒီရုပ်ရှင်ကားရဲ့ နာမည်၊ ရိုက်ကူးမယ့် ဒါရိုက်တာ၊ စတင်ရိုက်ကူးမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ အရင်ကတော့ သရုပ်ဆောင်မင်းသမီး အဲန်းန်ဟက်သဝေးကို ဘာဘီနေရာမှာ သရုပ်ဆောင်လိမ့်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ Mattel က တီထွင်လိုက်တဲ့ ပထမဆုံးသော ဘာဘီအရုပ်ကလေးကို ၁၉၅၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ နယူးယောက် အရုပ်ပြပွဲမှာ ကမ္ဘာကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာဘီကို ကာတွန်းဇာတ်ကောင်လို၊ အဲန်နီမေးရှင်းရုပ်ရှင်တွေမှာ ရိုက်ကူးလာခဲ့ကြပြီး လူသိများတဲ့ဇာတ်ကောင် ဖြစ်လာခဲ့တာပါ။ ဘာဘီနေရာမှာ လူသားသရုပ်ဆောင်အနေနဲ့ ရိုက်ကူးမှုကတော့ ဒီရုပ်ရှင်ကားက ပထမဆုံး ဖြစ်ပါတယ်။
2 years Ago
Up