ဘာဆန်ချာကျွန်း

January 30, 2021

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ် အစိုးရက နောက်ထပ် မွတ်စလင်ဒုက္ခသည်အုပ်စုတစုကို ဇန်နဝါရီ ၂၉ ရက်မှာ  ဘင်္ဂလားပင်လယ်အော်အတွင်းက ဝေးလံလှတဲ့ ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့လိုက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သန်းရဲ့ ဆယ်ပုံတစ်ပုံကို ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းပေးချင်နေပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ သင်္ဘော ၅ စီးနဲ့ ဒုက္ခသည် ၁,၇၇၆ ဦးကို သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့ပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ ထပ်မံပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

နှစ်ရက်ပေါင်း ပြောင်းရွှေ့အရေအတွက်က အယောက် ၃,၀၀၀ ကျော်တယ်လို့ ကျွန်းတာဝန်ခံ ဗိုလ်မှူးချုပ် မာမွန်ချောင်ဒရီက ဆိုပါတယ်။

ကျွန်းပေါ်နေထိုင်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြုချက်မရဘဲ ကျွန်းပေါ်ကနေ ထွက်ခွာခွင့်မပြုပါဘူး။ ဒုက္ခသည်တွေကို ဆန္ဒအလျောက် ကျွန်းဆီ ပြောင်းရွှေ့ပေးတယ်လို့ ဘင်္ဂဘားဒေ့ရှ်အစိုးရက ဆိုပေမဲ့ ဒီဇင်ဘာလတုန်းက ပြောင်းရွှေ့ခဲ့တဲ့ ပထမအသုတ် ဒုက္ခသည်တချို့ကတော့ အတင်းအကျပ် ပြောင်းရွှေ့ခံရတယ်လို့ ပြောဆိုကြပါတယ်။ 

ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့ ကုလဒုက္ခသည်များအေဂျင်စီ အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင်လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပြစ်တင်ဝေဖန်ခံနေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

3 months Ago

December 29, 2020

ကော့ဘဇားရှိ ဒုက္ခသည်များကို  ဘာဆန်ချာကျွန်းဆီ ဒုတိယအကြိမ်ပို့

ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ဒီဇင်ဘာ ၂၉ ရက်က ကော့ဘဇားမှာ နေကြတဲ့   မွတ်စလင်ဒုက္ခ သည် ဒုတိယအသုတ်ကို ဘာဆန်ချာကျွန်းဆီ စတင်ပြောင်းရွှေ့ပေးနေပါတယ်။   စုစုပေါင်း ဒုက္ခသည် ၁,၈၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်အတွင်းက မြေနိမ့်ပိုင်း ဘာဆန်ချာကျွန်းဆီ သင်္ဘော ၇ စီးနဲ့ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။  ဒီလို ရေလွှမ်းနိုင်ဖွယ်ရှိတဲ့ နေရာသစ်နဲ့ပတ်သက်လို့  စိုးရိမ်ကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောင်းရွှေ့မှုကို ကန့်ကွက်ကြပါတယ်။  ကုလသမဂ္ဂက ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးမှာ မပါဝင်ဘူးလို့ ပြောဆိုပေမဲ့ ဒုက္ခသည်တွေ ကို  အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာမျိုး မဖြစ်စေဖို့  ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ ပါတယ်။  ဒီလအစောပိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်က  ပထမအသုတ် ဒုက္ခသည် ၁၆၀၀ ကျော်ကို ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 months Ago
Up