ဘာစီလိုနာ

A d v e r t i s e m e n t With Us

January 26, 2021

ဘာစီလိုနာအသင်း အကြွေး ယူရို ၁ ဒသမ ၂ ဘီလီယံအထိရှိနေ

စပိန်ထိပ်သီး ဘာစီလိုနာကလပ်အသင်းအနေနဲ့ အကြွေး ယူရို ၂ ဒသမ ၂ ဘီလီယံ တင်ရှိနေကာ ကာလတိုအကြွေးပမာဏဟာလည်း ယူရို ၇၃၀ ရှိတယ်လို့ နှစ်ပတ်လည်ဘဏ္ဍာရေးအစီရင်ခံစာ အရသိရပါတယ်။

အသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု၊ ပြီးခဲ့တဲ့ရာသီတွေအတွင်း ဆောင်ရွက်ခဲ့တဲ့ တန်ဖိုးကြီး ကစားသမား အပြောင်းအရွှေ့တွေကြောင့် အကြွေးများစွာတင်ရှိနေတယ်လို့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

အသင်းရဲ့ ငွေသုံးစွဲမှုအများဆုံးက ကစားသမားတွေကို လစာပေးမှုဖြစ်နေပြီး အသင်းဝင်ငွေရဲ့ ၇၄ ရာခိုင်နှုန်းလောက်အထိ ရှိနေပါတယ်။ 

ဒါဟာ စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်ပြီး ဒါကြောင့်လည်း ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်ကတည်းက ကစားသမားတွေကို လစာလျှော့ယူဖို့ ညှိနှိုင်းခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်ခဲ့တဲ့ ကစားသမား ခေါ်ယူမှုတွေကြောင့် တခြားအသင်းတွေကို ယူရို ၁၂၆ သန်း ပေးစရာရှိနေပါတယ်။

ကော်တင်ဟိုကို ခေါ်ယူခဲ့တဲ့အတွက် လီဗာပူးအသင်းကို ယူရို ၂၉ သန်းပေးစရာ ကျန်နေဆဲဖြစ်ပြီး ဒီဂျောင်ကို ခေါ်ယူမှုအတွက် အိုင်းယတ်ဇ်ကို ယူရို ၁၆ သန်း၊ မယ်ကွန်အတွက် ဘော်ဒိုးကို ယူရို ၁၀ သန်းပေးစရာရှိနေပါတယ်။

ဒါကို ဇွန်လ ၃၀ ရက်မတိုင်ခင်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာသာကို ရောင်းချခဲ့ခြင်းအတွက် ဂရီမီယိုကို ယူရို ၂၁ သန်း၊ ဗီဒယ်အတွက် ဘိုင်ယန်ကို ယူရို ၁၁ သန်း ပေးရပါဦးမယ်။ 

အာသာ၊ ဗီဒယ်နဲ့ မယ်ကွန်တို့ ၃ ဦးစလုံးဟာ လက်ရှိအသင်းမှာ မရှိတော့တဲ့လူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းဘက်က ရစရာအကြွေးတွေလည်း ရှိနေပါတယ်။ မယ်ကွန်အတွက် ဇင်းနစ်အသင်းကနေ ရစရာရှိသလို၊ မက်ကူကူရယ်လာအတွက် ဂီတာဖေး၊ ကားလက်စ်ပီရက်ဇ် အတွက် ရိုးမားတို့ကနေ ရစရာရှိနေပါတယ်။ စုစုပေါင်းပမာဏဟာ ယူရို ၄၆ သန်းလောက် ရှိပါတယ်။

ဂရစ်ဇ်မန်းအတွက်လည်း အက်သလက်တီကိုအသင်းကိုပေးဖို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဘာကာအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကို အသားတင်အကြွေး ယူရို ၄၈၈ သန်းနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပြီး အသင်းအနေနဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အခြေအနေတွေကို ထောက်ပြကာ ဒီအကြွေးတွေကို စောင့်ဆိုင်းပေးဖို့ အကြွေးရှင်တွေကို ညှိနှိုင်းပြောဆိုနေပါတယ်။

အသင်းဘက်က ဒီအကြွေးတွေကို အခုနှစ် ဇွန်လ ၃၀ ရက်အထိ ဆိုင်းထားချင်ကာ တချို့ အကြွေးရှင်တွေက သဘောတူခဲ့ပေမယ့် တချို့ကိုတော့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဘာကာအသင်းဟာ အခုရာသီ ကွင်းထဲပရိသတ်တွေ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းအပေါ် အားကိုးသွားနိုင်ဖို့ မျှော်လင့်နေပြီး လက်မှတ်ရောင်းရငွေဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီရာသီ လက်မှတ်ရောင်းရငွေကနေ ယူရို ၅၆ သန်းရရှိဖို့ မျှော်လင့်ထားပေမဲ့ လက်ရှိအချိန်အထိ ပရိသတ်တွေကို ကွင်းထဲ ပြန်ဝင်ခွင့်ပြုဖို့ အချိန်တိတိကျကျ သတ်မှတ်မထားတာကြောင့် ဒီအစီအစဉ်ဟာ အလုပ်ဖြစ်လာဖို့ ရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။

1 day Ago

January 24, 2021

အသင်းအတွက် ကစားသမားသစ်လိုအပ်နေဟု ဘာကာနည်းပြ ကိုးလ်မန်းထုတ်ပြော

အသင်းတိုးတက်ဖို့အတွက် ကစားသမားသစ်တွေခေါ်ဖို့ လိုအပ်နေတယ်လို့ ဘာကာနည်းပြ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။  ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လူသစ်ခေါ်ဖို့ ကိစ္စဟာ ခက်ခဲ နေတယ်လို့လည်း သူက ဝန်ခံပါတယ်။  ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ အစနှေးခဲ့တာကြောင့် လာလီဂါမှာ အက်သ လက်တီကိုအသင်းရဲ့ ဦးဆောင်မှုနောက်ကို ရောက်ရှိနေပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ၃ ပွဲဆက် အနိုင်ရခြင်းနဲ့အတူ ရလဒ်တွေကောင်းလာခဲ့ပေမယ့် ကစားသမားသစ်လိုအပ်ချက်ကိုတော့ မဖုံးလွှမ်းနိုင်သေးပါဘူး။ လာလီဂါနဲ့ ချန်ပီယံလိဂ်တို့မှာ ကြီးစိုးဖို့အတွက်ဆိုရင် အသင်းသစ် ကစားသမားသစ်တွေ လိုအပ်နေတယ်လို့ ကိုးလ်မန်းက ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားပြီး ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာတွေက သူ့အတွက်ကစားသမားသစ်ခေါ်ဖို့ အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။  “ကျနော်တို့အသင်းမှာ လူအင်အားမတောင့်တင်းဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် အသင်းရဲ့ စီးပွားရေးအခြေအနေကလည်း အကြောင်းအရာတခုအဖြစ်ရှိနေပါတယ်။ အားလုံးလည်း ဒီလိုပဲထင်မယ်လို့ ယူဆပါတယ်။ ကစားသမားသစ်တစ်ယောက်မှ မခေါ်နိုင်ဘူးဆိုရင်လည်း ဒါကိုလက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို လက်ခံပြီး ရှိတဲ့ လူစာရင်းနဲ့ပဲ ရှေ့ဆက်သွားရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ပိုပြီးကောင်းလာစေချင်ရင်တော့ လူသစ်ခေါ်ရပါမယ်။”  ကိုးလ်မန်းရဲ့ အသင်းဟာ မန်စီတီးနောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိထားပြီလို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။  ဒါပေမယ့် အသင်းဥက္ကဋ္ဌ ဖြစ်လာနိုင်တဲ့ ဂျိုအန် လာပေါ်တာကတော့ အသင်းဘုတ်အဖွဲ့ဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်နိုင်တဲ့ ကစားသမားအတွက် ငွေမသုံးမယ့်နည်းလမ်းကို ရွေးချယ်ထားတယ်လို့ ပြောပါတယ်။။  “ဒီလိုလုပ်ပေးပါလို့ ကျနော်တို့အနေနဲ့ ဘုတ်အဖွဲ့ကိုတောင်းဆိုလို့မရပါဘူး။ ကစားသမားရဲ့ စာချုပ်ကကုန်ခါနီးပြီဆိုရင် ကျနော်တို့ စောင့်ဖို့ဆုံးဖြတ်ထားပါတယ်။ အဲ့လိုမှမဟုတ်ဘဲ အခုချက်ချင်းခေါ်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ပြောင်းရွှေ့ကြေးရယ်၊ ကစားသမားရဲ့ လစာရယ်ကို ပေးချေရပါမယ်။”    ကိုးလ်မန်းအနေနဲ့ ကျန်ရှိနေသေးတဲ့ ဘောလုံးရာသီကို လက်ရှိရှိနေတဲ့ လူစာရင်းနဲ့ပဲ ဖြတ်သန်းသွားဖို့ စဉ်းစားထားကာ လိုအပ်ချက်ရှိတဲ့ ကစားသမားတွေကိုလည်း ပွင့်ပွင်းလင်းလင်း ဆက်လက်ပြောဆိုသွားမယ်လို့ ဆိုပါတယ်။  “ကျနော်ကတော့ ကွယ်ဝှက်ပြီးပြောနေမှာ မဟုတ်ပါဘူး။ ဘာစီလိုနာကစားသမားတိုင်းက တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ရပါမယ်။ ကျနော်က ဘယ်သူ့ကိုမဆို လေးစားသမှုနဲ့ဝေဖန်လေ့ရှိပါတယ်။ ဒါဟာ ဘယ်သူအတွက်မှမဟုတ်ပါဘူး။ အသင်းအတွက်ပါ။ ကျနော်တို့ ကော်နယ်လာ အသင်းကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် မိနစ် ၉၀ အတွင်း အနိုင်မရခဲ့ဘူးဆိုရင်တော့ ကျနော်မြင်တာ ကျနော်ပြောရပါလိမ့်မယ်။ အဲ့လိုမှ အဆင်မပြေရင် နောက်နည်းပြတစ်ယောက်ထပ်ခန့်လိုက်ပါ” လို့ ကိုးလ်မန်းကပြောပါတယ်။
3 days Ago
More News
Up