ဘာစီလိုနာ ကစားသမားများကို အော်ဒီကုမ္ပဏီက ကားသစ်များ လက်ဆောင်ပေး

December 1, 2017

ဘာစီလိုနာ ကစားသမားများကို အော်ဒီကုမ္ပဏီက ကားသစ်များ လက်ဆောင်ပေး

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေကို မော်ဒယ်မြင့်ကားသစ်တွေ လက်ဆောင်ပေးခဲ့တဲ့ အော်ဒီကုမ္ပဏီဟာ အခုတပတ်မှာလည်း ဘာစီလိုနာ ကစားသမားတွေကို ကားသစ်တွေ လက်ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားနိုင်ပေမယ့်လည်း ရလဒ်တွေဆိုးနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားတွေကို လက်ဆောင်ပေးခဲ့လို့ လျစ်လျူရှုသလို ဖြစ်ခဲ့ပြီးနောက် အခုလို လက်ဆောင်တွေ ပေးခဲ့တာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ တိုက်စစ်မှူး မက်ဆီနဲ့ ဆွာရက်ဇ်ကတော့ RS6 Avant Performance အမျိုးအစား ကားသစ်တွေ လက်ဆောင်ရခဲ့ပြီး ကွင်းလယ်ကစားသမား ဘက်စကွက်နဲ့ အလက်စ်ဗီဒယ် တို့ကတော့ အော်ဒီရဲ့ တန်ဖိုးမြင့် R8 Spyder နဲ့ R8 Plus တို့ကို ရရှိခဲ့ကြပါတယ်။ နည်းပြ ဗယ်လ်ဗာဒီကတော့ အိမ်စီးအမျိုးအစား အော်ဒီ Q7 E-tron ကား ရရှိခဲ့ပြီး ကျန်ကစားသမားအားလုံးဟာလည်း မော်ဒယ်အမျိုးအစားအလိုက် ကားသစ်တွေ ရရှိခဲ့ကြပါတယ်။ မက်ဆီနဲ့ ဆွာရက်ဇ် ရရှိခဲ့တဲ့ ကားအမျိုးအစားတွေဟာ တန်ဖိုးမြင့် ကားအမျိုးအစားတွေ ဖြစ်ပေမယ့်လည်း ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ရရှိခဲ့တဲ့ RS7 လောက် တန်ဖိုးရော ကားအင်ဂျင်ပိုင်းမှာပါ မမြင့်မားဘူးလို့ သိရပါတယ်။ အော်ဒီကုမ္ပဏီဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းအပြင် တခြား ဥရောပအသင်းကြီး အများစုကိုလည်း စပွန်ဆာပေးထားတဲ့ ကားကုမ္ပဏီတခု ဖြစ်ပါတယ်။
3 years Ago
Up