ဘာစီလိုနာတိုက်ခိုက်မှု ကျူးလွန်ခဲ့သူကို စပိန်ရဲတပ်ဖွဲ့ အသေပစ်ခတ်

August 22, 2017

ဘာစီလိုနာတိုက်ခိုက်မှု ကျူးလွန်ခဲ့သူကို စပိန်ရဲတပ်ဖွဲ့ အသေပစ်ခတ်

ပြီးခဲ့တဲ့ သီတင်းပတ်က ဘာစီလိုနာမြို့မှာ လူအုပ်ထဲ ကားနဲ့မောင်းဝင် တိုက်ခိုက်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးစေခဲ့တဲ့ တရားခံကို သြဂုတ် ၂၁ ရက်နေ့မှာ စပိန်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာတိုက်ခိုက်မှု ကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် ယွန်းနစ် အဘူယာကွတ် ဆိုသူဟာ ဘာစီလိုနာမြို့အနီး ကျေးလက်ဒေသတခုမှာ ပုန်းအောင်းနေတာကို ရဲက တွေ့ရှိခဲ့ပြီး သူဟာ ဖောက်ခွဲရေးပစ္စည်း ဝတ်ထားပုံပေါ်တာကြောင့် ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ ကတ်တလန်ဒေသအစိုးရ အကြီးအကဲက “ဒီကနေ့ (သြဂုတ် ၂၁ ရက်) ညနေ ၅ နာရီမထိုးခင်က ကတ်တလန်ရဲတပ်ဖွဲ့ဟာ ဘာစီလိုနာ တိုက်ခိုက်မှုမှာ ကားမောင်းခဲ့သူနဲ့ လူ ၁၄ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ယွန်းနစ် အဘူယာကွတ်ကို အသေပစ်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကတည်းက ကတ်တလန်ရဲတပ်ဖွဲ့ဟာ တရားခံဖမ်းမိရေးအတွက် တနိုင်ငံလုံးမှာ အပူတပြင်း ကြိုးပမ်းခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ ကတ်တလန်ရဲတပ်ဖွဲ့ အကြီးအကဲက “ကျေးလက်ဒေသမှာ တာဝန်ထမ်းနေတဲ့ ရဲတပ်ဖွဲ့တဖွဲ့ဟာ ဆူဘီရပ် စပျစ်ခြံထဲမှာ ပုန်းအောင်းနေတဲ့ လူတဦးကို တွေ့ခဲ့ပါတယ်။ ရဲတွေက သူ့ကို ဘယ်သူလဲဆိုပြီး မေးတဲ့အခါ သူက ဘုရားသခင်သာ အမြတ်ဆုံး ဆိုပြီး အော်ပြောခဲ့ပါတယ်။ သူဟာ ကမ်ဘရေးလ်စ်က လူ ၅ ဦးလို ဖောက်ခွဲရေးပစ္စည်း ဝတ်ထားပုံပေါ်တဲ့အတွက် ရဲတွေဟာ တာဝန်အရ သူ့ကို ပစ်သတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဘာစီလိုနာ တိုက်ခိုက်မှုကို အိုင်အက်စ်တွေက သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို သေဆုံးခဲ့သူ မော်ရိုကိုနိုင်ငံဖွား အဘူယာကွတ်နဲ့ အစ်ကိုတဦး၊ ဝမ်းကွဲညီအစ်ကိုနှစ်ဦး အပါအဝင် ဒါဇင်နဲ့ချီပြီး ပူးပေါင်းကြံစည်ခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
4 years Ago
Up