ဘာစီလို

June 4, 2020

လီဗာပူးအသင်းက စိတ်ဝင်စားနေသည့် ဒမ်ဘီလီ ဘာစီလိုတွင် ဆက်နေမည်

လီဗာပူးအသင်းရဲ့ ကာလရှည်စောင့်ကြည့်ခံထားရပေမယ့် ဘာစီလိုနာအသင်းမှာပဲ ဆက်နေသွားဖို့ ဆန္ဒရှိတယ်လို့ အူစမန်ဒမ်ဘီလီက ပြောပါတယ်။ ဒမ်ဘီလီကို လီဗာပူးအသင်း ဘက်ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာချိန်မှာ ကစားသမားက ဒီလိုပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာဆက်နေကာ ပွဲထွက်ခွင့်တနေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။  ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို ပေါင် ၁၃၅ ဒသမ ၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။  သူဟာ ဘာစီလိုနာအသင်းမှာ ဒီရာသီ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပြီး ဒဏ်ရာပြသနာတွေအပြင် လေ့ကျင့်ရေးကို နောက်ကျခဲ့တာတွေကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို ဒုတိယအကြိမ်  မြောက် လစာလျော့ယူဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတချို့ ရှိနေပုံရပြီး အသင်းရဲ့ကစားသမားတချို့ကို ရောင်ချသွားဖို့ ရှိနေပါတယ်။  ဒီလိုသာ ရောင်းချသွားမယ်ဆိုရင် ဒမ်ဘီလီဟာ တခြားအသင်းတွေဆီကနေ ပြောင်းရွေ့ကြေးများစွာ ရရှိနိုင်တဲ့ ကစားသမားတဦးဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း သူ့ကို ကွင်းလယ်လူ ယာနစ်နဲ့ အလဲအထပ်ပြုလုပ်သွားဖို့ ကမ်းလှမ်းထားပါတယ်။  လီဗာပူးလ်အသင်းဟာ အသက် ၂၃ အရွယ် ပြင်သစ်လက်ရွေးစင်ကို ကာလရှည်စိတ်ဝင် စားနေတာဖြစ်ပါတယ်။  ဒမ်ဘီလီအတွက် ဘာစီလိုနာအသင်းဘက်က တောင်းဆိုဈေးဟာ ပေါင်သန်း ၄၀ အောက်သာရှိနိုင်ပြီး သူတို့ရဲ့ နောက်ထပ်ပစ်မှတ်တခုဖြစ်တဲ့ တီမိုဗာနာကို လိုက်ပစ်ဇ်အသင်းဘက်က စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၅၀ တောင်းဆိုလာနိုင်တာကြောင့် ဗာနာထက်စာရင် ဒမ်ဘီလီကိုခေါ်ယူဖို့ ပိုပြီးအားသာမှုရှိနေနိုင်ပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတခုအရ လီဗာပူးဟာ ဒမ်ဘီလီကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ တစ်နှစ် အငှားစာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။  ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းကနေထွက်ခွာဖို့ စဉ်စားထားခြင်းမရှိဘဲ အသင်းမှာဆက်နေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ စိတ်အားထက်သန်နေပါတယ်။  ဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရရှိခဲ့တဲ တင်ပါးဒဏ်ရာကြောင့် ဘာစီလိုနာအသင်းအတွက် ဒီရာသီလာလီဂါပွဲ ငါးပွဲသာ ကစားပေးနိုင်ခဲ့ပြီး လာလီဂါပြန်လည်စတင်ရင်လည်း ဒီဒဏ်ရာကြောင့် ဆက်လက်လွဲချော်ရဦးမှာဖြစ်ပါတယ်။  ဒီအခြေအနေတွေ ရှိနေပေမယ့် ဒမ်ဘီလီကတော့ နည်းပြသစ် ကွီကေးဆတ်တီယန်လက်ထက်မှာ အခွင့်အရေးရရှိပြီး ဘာစီလိုနာအသင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိနိုင်မယ်လို့ ယုံကြည်နေပုံရပါတယ်။   
1 year Ago
Up