ဘာစရာမြို့

November 8, 2019

အီရတ် အစိုးရဆန့်ကျင်ရေး ထိုင်သပိတ်ဆင်နွှဲသူများ ဖြိုခွင်းခံရ၊ ၄ ဦး သေဆုံး

အီရတ်နိုင်ငံတောင်ပိုင်းက ဘာစရာမြို့မှာ နိုဝင်ဘာ ၇ ရက်က အစိုးရဆန့်ကျင်ရေး ထိုင်သပိတ်ဆင်နွှဲနေတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ သတင်းအရင်းမြစ်တွေက ပြောပါတယ်။  အစိုးရအားဆန့်ကျင်ဆန္ဒပြပွဲတွေ အီရတ်နိုင်ငံမှာ  ဖြစ်ပေါ်နေတာ သီတင်းပတ်ချီရှိနေပြီး နိုဝင်ဘာ ၇ ရက်နေ့ ဖြိုခွင်းမှုမှာ လူတော်တော်များများလည်း ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အီရတ်ရဲ့ ရေနံအကြွယ်ဝဆုံးမြို့ဖြစ်တဲ့ ဘာစရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတဲ့အပြင် အီရတ်တောင်ပိုင်းက အမ်ကာဆရူမြို့မှာလည်း စားနပ်ရိက္ခာတင်သွင်းလာတဲ့ ကုန်တင်ကားတွေ မဝင်နိုင်အောင်လို့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဆိပ်ကမ်းအပေါက်ဝကို တာယာတွေမီးရှို့ပြီး ပိတ်ဆို့ထားခဲ့ကြပါသေးတယ်။  အီရတ်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာ၊ သောက်သုံးရေနဲ့ လျှပ်စစ်မီးပုံမှန်မရတဲ့ပြဿနာ၊ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍ အားနည်းတာအပြင် အကျင့်ပျက်ခြစားမှုပြဿနာတွေကြောင့် အောက်တိုဘာ  ၁ ရက်ကစလို့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။   ဆန္ဒပြပွဲတလျှောက် အီရတ်အာဏာပိုင်တွေက လက်နက်မကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတော်တော်များများကတော့ အလုပ်မရှိတဲ့လူငယ်တွေဖြစ်ပြီး သူတို့ဟာ ဆာဒမ်ဟူစိန်ကျဆုံးပြီး ၂၀၀၃ နောက်ပိုင်း အီရတ်နိုင်ငံအား အုပ်ချုပ်ခဲ့တဲ့ အာဏာရှိသူတွေကို အပြစ်တင်ခဲ့ကြပါတယ်။ 
2 years Ago
Up