ဘာကီနာဖာဆိုနိုင်ငံ

January 6, 2020

ဘာကီနာဖာဆိုတွင် ကျောင်းသားများတင်လာသည့် ဘတ်စ်ကား ဖောက်ခွဲခံရ၊ ၁၄ ဦးသေဆုံး

ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်းမှာ ဇန်နဝါရီ ၄ ရက်က ကျောင်းသားတွေကို တင်ဆောင်ထားတဲ့ ဘတ်စ်ကားတစီးက ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရတယ်လို့ အစိုးရက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ခရီးသည် စုစုပေါင်း ၁၆၀ ကို တင်လာတဲ့ ကား ၃ စီးပါ ယာဉ်တန်းက တစီး ပေါက်ကွဲခဲ့တာပါ။  “အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ ဂါစီဟာ လမ်းတွေ ဘေးကင်းရေး သေချာအောင် လုပ်နေတယ်၊ ဒီလမ်းပိုင်းကို မသုံးဖို့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေကို ညွှန်ကြားချက်ထုတ်ထားပြီး ဖြစ်ပေမယ့် ဒီ ဘတ်စ်ကား ၃ စီးက ညွှန်ကြားချက်ကို လျစ်လျူရှုခဲ့တယ်” လို့ ပညာရေးဝန်ကြီးက ရုပ်သံကနေ ပြောပါတယ်။ ဘာကီနာဖာဆိုနဲ့ မာလီ ၂ နိုင်ငံ နယ်စပ်နားက ဆောင်ရောင်ခရိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ အဆက်အဆံရှိတဲ့ အစ္စလာမစ် အုပ်စုတွေဟာ ဒီဒေသထဲမှာ တိုက်ခိုက်တာတွေ တိုးလုပ်နေပြီး နိုင်ငံတကာက သူတို့ကို နှိမ်နင်းဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။ နှစ်သစ်ကူး ကျောင်းနားရက်အတွင်း အိမ်ပြန်ကြတဲ့ ကျောင်းသားတွေကို တင်လာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတာလို့ သတင်းရင်းမြစ် ၃ ခုက အစောပိုင်းမှာ ပြောပါတယ်။  သေဆုံးသူတွေထဲမှာ ကျောင်းသား ၇ ယောက်ပါတယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။  ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာ ကျဆင်းအောင်ရည်မှန်းထားတဲ့ ဒီလို သရဲဘောကြောင်ပြီး ရမ်းကားတဲ့ လုပ်ရပ်ကို အစိုးရက အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ ဆိုပါတယ်။ ဆဟာရ ဒေသအတွင်း ပုံမှန်အားဖြင့် တည်ငြိမ်ပေမယ့် ပြည်တွင်းသူပုန်ထမှုကတဆင့် ဘာသာရေး စစ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုထိ ကူးစက်လာပြီး အိမ်နီးချင်းနိုင်ငံတွေဆီ သက်ရောက်မှုကြောင့် ဘာကီနာဖာဆိုနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေပါတယ်။
1 year Ago

November 8, 2019

ဘာကီနာဖာဆို ရွှေတွင်းလုပ်သားယာဉ်တန်း တိုက်ခိုက်ခံရသဖြင့် ၃၈ ဦး သေဆုံး၊ ဒါဇင်နှင့်ချီ ပျောက်ဆုံး

ဘာကီနာဖာဆိုနိုင်ငံ အရှေ့ပိုင်းမှာ နိုဝင်ဘာ ၆ ရက်နေ့က ရွှေတွင်းလုပ်သားတွေ တင်ဆောင်လာတဲ့ ယာဉ်တန်း ချုံခိုက်ခံရတာကြောင့် ၃၈ ယောက် သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေတာကြောင့် ကျန်ရစ်တဲ့  ဆွေမျိုးသားချင်းတွေ အမျက်ထွက်နေကြပါတယ်။ စစ်ဘက်အစောင့် အရှောက်နဲ့ ကား ၅ စီးပါ ယာဉ်တန်းဟာ နိုင်ငံအရှေ့ပိုင်းက  ဘူနိုရွှေတွင်း ဆီအသွားလမ်းမှာ တိုက်ခိုက်ခံရတယ်လို့ ကနေဒါအခြေစိုက် ရွှေတွင်းသမားတဦးက ပြောပါတယ်။   တိုက်ခိုက်သူတွေ ဘယ်သူဆိုတာ သေချာမသိသေးပေမယ့် နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ  အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ကြိုးပမ်းနှိမ်နင်းနေရပါတယ်။   ဘာကီနာဖာဆိုသမ္မတက ဒီတိုက်ခိုက်အတွက် ဂျီဟတ်ဝါဒီတွေကို အပြစ်တင်လိုက်ပြီး နိုင်ငံကို ကာကွယ်ဖို့ရာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်သစ်တွေ စုဆောင်းဖို့ လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင်  နိုဝင်ဘာ ၇ ရက်နေ့မှာ ဘာကီနာဖာဆို ဝန်ကြီးတွေက  ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင် ၁၀၀ ဝန်းကျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။    သေဆုံးပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေက သက်ဆိုင်ရာအနေနဲ့ ဒီဖြစ်ရပ်အပေါ် ရှင်းလင်းပြောကြားဖို့နဲ့ သေဆုံးသူ၊ အသက်ရှင်သူစာရင်းကို တရားဝင်ထုတ်ပြန်ပေးဖို့ တာဝန်ရှိသူတွေကို  တောင်းဆိုခဲ့ပါတယ်။  
2 years Ago
Up