ဘာကင်ဟမ်နန်းတော်ရှေ့

August 27, 2017

ဘာကင်ဟမ်နန်းတော်ရှေ့ ဓားရှည်ကိုင်ဆောင် အကြမ်းဖက်ခဲ့သူကို ဖမ်းဆီး

ဘာကင်ဟမ်နန်းတော်ရှေ့မှာ  သြဂုတ် ၂၅ ရက်နေ့ညက လူတဦး “အယ်လ်လာဟူ အက်က်ဘာ” ဆိုပြီး ထပ်တလဲလဲ ရွတ်ဆိုခဲ့သလို ၄ ပေ ဓားရှည်ကိုင်ဆောင်ကာ အကြမ်းဖက်ခဲ့လို့ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အခင်းဖြစ်ပွားခဲ့တာက နန်းတော်ရဲ့ ထောင့်ဘက်မှာ ရှိတဲ့ စပါလမ်းနားကာ ဈေးဝယ်စင်တာရဲ့ အပြင်ဘက်မှာ သြဂုတ်လ ၂၅ ရက်နေ့ည ၈: ၃၅ မိနစ်အချိန်မှာ  ဖြစ်ခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ အမျိုးသားတဦးက နန်းတော်နားက တားမြစ်ထားတဲ့ နေရာကို တိုယိုတာပရီရက်စ် အပြာရောင်ကားနဲ မောင်းဝင်လာပြီး ရဲတွေရဲ့ မော်တော်ယာဉ်တွေနားထိ မောင်းကာ အဲ့ဒီကားရဲ့ အရှေ့မှာ ရပ်လိုက်တယ်လို့  အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဒင်းန်ဟေဒန်က ပြောပါတယ်။ ရဲတွေက ဒီလူကို ရင်ဆိုင်ချိန်မှာ သူက ကားရဲ့ ခရီးသည်ခြေနင်းခုန်မှာ ထားတဲ့ ၄ ပေအရှည်ဓားကို ယူလိုက်တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို အမြန်ပဲ ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်မှု လုပ်ရပ်အဖြစ် အမြန်ဆုံးပဲ ကြေညာခဲ့တယ်လို့လည်း ဆိုပါတယ်။ ရဲ ၃ ဦး အသေးစားထိခိုက်ဒဏ်ရာ ရတယ်လို့လည်း သိရပြီး သူတို့ထဲက ၂ ဦးက လက်တွေနဲ့ လက်မောင်းတွေမှာ ပြတ်ရှဒဏ်ရာတွေ ရလို့ ဆေးရုံ ပို့လိုက်ရတယ်လို့ သိရပါတယ်။ ရဲ ၃ ဦးက မြန်မြန်ဆန်ဆန်နဲ့ သတ္တိရှိရှိ လုပ်ဆောင်တဲ့အတွက် ဝန်ကြီးချုပ် ထရီဇာမေက တွီတာပေါ်မှာ ဆုတောင်းပေးလိုက်ပြီး လန်ဒန်မြို့တော်ဝန် ဆာဒစ်က်ခန်ကလည်း “လူထုတွေထဲက တဦးမှာ ဒဏ်ရာ မရအောင် စွမ်းဆောင်ပေးခဲ့” လို့ သူအနေနဲ့ ရဲတွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။ ဓားကိုင်ရမ်းခဲ့တဲ့သူကို အကြမ်းဖက်မှု အက်ဥပဒေနဲ့ ခန္ဓာကိုယ်ကို အပြင်းအထန် နာကျင် စော်ကားစေမှု စတာတွေနဲ့ ဖမ်းဆီးလိုက်ပြီး အကြမ်းဖက် တန်ပြန်အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ နန်းတော်အပြင်မှာ အဲ့ဒီလူ ဓားကိုင်ရမ်းခဲ့ချိန်က ဘုရင်မကြီး အယ်လစ်ဇဘတ်ရဲ့ လန်ဒန်က တရားဝင် နန်းတော်ဖြစ်တဲ့ ဘာကင်ဟမ် နန်းတော်မှာ တော်ဝင် မိသားစုဝင်တွေ တဦးမှ ရှိမနေဘူးလို့ သိရပါတယ်။ အာဏာပိုင်တွေက ဓားကိုင်အကြမ်းဖက်သမားကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ သူ့ရဲ့ နောက်ကြောင်းကို စုံစမ်းနေကြပြီး သူနေထိုင်ရာ လူတန်ဒေသကိုလည်း ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ်လ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up