ဘလိတ်စူပါကား

August 24, 2015

3D ပရင်တာ နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဘလိတ် စူပါကား (ရုပ်သံ)

ဒါကတော့ ဘလိတ် (Blade) လို့ခေါ်တဲ့ စူပါကားပါ။ တီထွင်သူတွေကတော့ ကားထုတ်လုပ်မှုကို ပြန်လည်ဆန်းသစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီကားက ကားတပ်ဆင်ရေးလိုင်းကနေ ထွက်လာတာမဟုတ်ဘဲ 3D ပရင်တာကနေ ထုတ်လုပ်လိုက်တာပါ။ Divergent Microfactories မှ ကယ်ဗင်ဆင်းဂါးဟာ သူ့ရဲ့သက်ကြီးပိုင်း အချိန်အများစုမှာ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကိုပဲ ဖက်တွယ်မြှုပ်နှံထားခဲ့ပါတယ်။ တနေ့မှာတော့ ခေတ်ပေါ်ကားတွေမှာ ဆီစားနှုန်း ဘယ်လောက်ပဲရှိရှိ၊ အိပ်ဇောပိုက်က အခိုးဘယ်လောက်ထုတ်ထုတ် ကားထုတ်လုပ်ရေးလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတာကို သူ သဘောပေါက်သွားခဲ့ပါတယ်။ "3D ပရင်တာကနေ ထုတ်လုပ်လိုက်တဲ့ သတ္တုတွေက ဒါကို ပြောင်းလဲပစ်နိုင်ပါတယ်။ 3D ပရင်တာနည်းပညာကို ကြည့်မယ်ဆိုရင် တည်ဆောက်ပုံတခုလုံးအတွက် မဟုတ်ဘဲ အစိတ်အပိုင်း တခုချင်းစီကို ပေါင်းစပ်လို့ရအောင် ဖန်တီးထားတာပါ။ 3D ပရင်တာ နည်းပညာက အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။" ကားတည်ဆောက်ပုံကို ပြောင်းလိုက်ရုံနဲ့ 3D ပရင်တာနဲ့ ထုတ်လုပ်လို့ အဆင်ပြေသွားပါတယ်။ လက်ရှိမှာတော့ ကားတွေကို စက်ရုံကြီးတွေထဲက စက်တပ်ဆင်ရေး လမ်းကြောင်းပေါ်မှာ တစချင်းစီ ဆက်စပ်တည်ဆောက်တာဖြစ်ပြီး စွမ်းအင်အမြောက်အမြား အသုံးပြုရပါတယ်။ လောင်စာစား အသက်သာဆုံး ကားတွေတောင်မှ စက်ရုံကနေ မထုတ်ခင်ကတည်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု အမြောက်အမြား ရှိပါတယ်။ ဆင်းဂါးနဲ့ သူ့အဖွဲ့တွေ ဖြေရှင်းဖို့ ကြိုးပမ်းကြည့်တာကတော့ ဘက်ပေါင်းစုံ ထည့်တွက်ဆင်ခြင်ရမယ့် ပြဿနာတွေထဲကနေ စက်ရုံကြီးတွေကို ဖယ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ဘလိတ်ကားရဲ့ အောက်ခံကိုယ်ထည်က ကာဗွန်ချောင်းတွေနဲ့ ချိတ်ဆက်လို့ရတဲ့ အစိတ်အပိုင်းတွေကို ပရင်တာနဲ့ ပုံစံထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ "3D ပရင်တာသုံး အောက်ခံကိုယ်ထည်ဟာ ၁၀၂ ပေါင်လေးပြီးတော့ သံမဏိနဲ့ ပြုလုပ်ထားတဲ့ ဘောင်လိုပဲ ကြံ့ခိုင်မှုရှိသလို ဘေးကင်းလုံခြုံမှုလည်း ရှိပါတယ်။" ကိုယ်ထည်အတွက် သံမဏိတို့၊ အလူမီနီယံတို့အစား ကာဗွန်ချောင်းတွေကိုသာ အသုံးပြုထားတာမို့ ကားကိုယ်ထည်တခုလုံးဟာ ၁၄၀၀ ပေါင် (၆၃၅ ကီလိုဂရမ်) သာလေးပြီး Bugatti Veyron ရဲ့ အလေးချိန်နဲ့ မြင်းကောင်ရေအချိုးရဲ့ နှစ်ဆရှိပါတယ်။ ဘလိတ်ကားမှာ သဘာဝဓာတ်ငွေ့သုံး မြင်းကောင်ရေ ၇၀၀ အားပါ အင်ဂျင် တပ်ဆင်ထားတာဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို လျှော့ချနိုင်ပါတယ်။ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ မြန်နှုန်းမြင့်စူပါကားကို သူတို့ရဲ့ ပထမဆုံး ရှေ့ပြေးပုံစံအဖြစ် ဒီဇိုင်းဆွဲတာဟာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာဖြစ်ကြောင်း ဘလေဇာက ဆိုပါတယ်။ "ကျနော်တို့က ဒီကားရဲ့ အပြင်ပန်းအလှအပနဲ့ ပတ်သက်ပြီး အများကြီး အာရုံစိုက်ထားပါတယ်။ လူတွေရဲ့စိတ်ကူးကို ဖမ်းစားနိုင်ဖို့ လိုတာကြောင့်လေ။ အထူးသဖြင့် အဓိက အထောက်အကူပြု နည်းပညာတွေအကြောင်း ပြောဆိုကြတဲ့အခါမှာပေါ့။" အဓိကအထောက်အကူပြု နည်းပညာဟာ ကားထုတ်လုပ်ရေးလုပ်ငန်းကို အလုံးစုံ ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ကယ်ဗင်ဆင်းဂါးက မျှော်လင့်ထားပါတယ်။ "လျှပ်စစ်ကားတွေက ကောင်းပါတယ်။ သူတို့ရဲ့တည်ဆောက်ပုံကို မပြောင်းဘဲနဲ့တော့ ကမ္ဘာကြီးကို အလုံးစုံ ကယ်တင်နိုင်မှာ မဟုတ်ဘူး" လို့ ဆင်းဂါးက ပြောပါတယ်။ "ဒီလိုနည်းနဲ့သာ ကားတစီးကို တည်ဆောက်မယ်ဆိုရင် ဥပမာအားဖြင့် တနာရီကို ၈၅ ကီလိုဝပ်နှုန်းသွား လျှပ်စစ်ကားတွေ အားလုံးရဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို သုံးပုံတပုံအထိ လျှော့ချပစ်နိုင်ပါတယ်။" ဆင်းဂါးနဲ့ ဘလေဇာတို့ဟာ လုပ်ငန်းငယ်လေးတခုကို စတင်ဆောင်ရွက်နေတာဆိုပေမယ့် ကားထုတ်လုပ်ရေးလုပ်ငန်းသုံး 3D ပရင်တာသုံး နည်းပညာသစ်ဟာ အနာဂတ် ကားတည်ဆောက်ရေးအတွက် သက်ရောက်မှု အကြီးအကျယ် ရနိုင်မယ်လို့ သူတို့က ယုံကြည်ထားကြပါတယ်။
6 years Ago
Up