ဘလက်မိုး

October 14, 2019

မန်ယူအတွက် မိုဗစ်ကို ပြန်ခေါ်ရန် ဘလက်မိုး အကြံပြု

ယူနိုက်တက်အသင်းအနေနဲ့ ဇလတန်အီဗရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်းတဦးဖြစ်သူ ကလေတန် ဘလက်မိုးက အကြံပြုလိုက်ပါတယ်။  နာမည်ကျော် ယူနိုက်တက်အသင်းဟာ ဂန္ထဝင်ကစားသမားဟောင်း ဆိုးလ်ရှားရဲ့ ဦးဆောင်မှုနဲ့အတူ အခုရာသီမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပြီး အသင်းတိုက်စစ်ကလည်း ဂိုးရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။  ဒီလိုအခြေအနေမှာ အသင်းဟာ မိုဗစ်လို ဝါရင့်ကစားသမားတဦးကို လိုအပ်နေတာဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းတိုက်စစ်အတွက် ဂိုးတွေ ပိုမိုရှာဖွေလာနိုင်မှာ ဖြစ်သလို မားကပ်ရက်စ်ဖို့ဒ်နဲ့ မေဆင်ဂရင်းဝုဒ်လို လူငယ်ကစားသမားတွေ တိုးတက်လာဖို့အတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ဘလက်မိုးက ယုံကြည်နေပါတယ်။  နတ်ဖုရားကြီးလို့ နာမည်ပြောင်ရရှိထားတဲ့ မိုဗစ်ဟာ ပြီးခဲ့တဲ့ မတ်လကမှ ယူနိုက်တက်အသင်းကနေ အယ်လ်အေဂလက်စီအသင်းကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး သူ့စာချုပ်သက်တမ်း ကုန်သွားရင် ယူနိုက်တက်အသင်းက ပြန်ခေါ်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားသူ ဖြစ်ပါတယ်။  “ကျနော်တို့ ယူနိက်တက်မှာ target ထားပြီး ကစားရမယ့်သူ ပျောက်ဆုံးနေပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ တဦးတည်းသောသူက ဇလတန်ပါပဲ” လို့ ဘလက်မိုးက ပြောပါတယ်။  “သူက ၆ ပေ ၅ လက်မ ရှည်လျားပြီး ဘယ်သူ့ကိုမဆို ကောင်းကောင်းရင်ဆိုင်နိုင်ပါတယ်။ သူက အခုအသက်အရွယ်အထိ ဂိုးတွေသွင်းနေဆဲ ဖြစ်သလို နောက်လည်း ထပ်သွင်းနိုင်ပါတယ်။ ကျနော်တို့အသင်းအတွက် ရွန်းနီတို့ ဗန်ပါစီတို့ ထားခဲ့တဲ့ ကွက်လပ်ကို သူက ဖြည့်ဆည်းပေးနိုင်ပါတယ်။ မိုဗစ်က သိပ်ပြီး ပြေးပြေးလွှားလွှားရှိတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။ သူ့အတွက်ကလည်း ဂိုးတွေသွင်းဖို့ကို သိပ်ပြီး ပြေးလွှားနေစရာ မလိုပါဘူး။ သူဟာ ကျနော်တို့ ရနိုင်တဲ့ အကောင်းဆုံး target ကစားသမားပါပဲ” လို့ ယူနိုက်တက် ကစားသမားဟောင်းကြီးက အသင်းဟောင်းအပေါ် အကြံပြုခဲ့ပါတယ်။  အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွီဒင်ကစားသမားကြီးဟာ အခုချိန်ထိ ဂိုးတွေသွင်း ယူနေနိုင်ဆဲ ဖြစ်ပြီး ယူနိုက်တက်အသင်းကို တကယ်ရောက်လာပါက အသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို ယူဆောင်လာပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
2 years Ago
Up