ဘရွန်ဒီ ဒု-သမ္မတ နိုင်ငံမှ ထွက်ပြေး

June 30, 2015

ဆန့်ကျင်ကန့်ကွက်မှုများ ရှိသော်လည်း ဘရွန်ဒီတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ

ဗဟိုအာဖရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဘရွန်ဒီနိုင်ငံမှာ ဒေသတွင်းနိုင်ငံတွေနဲ့ အတိုက်အခံတွေက ဆန့်ကျင် ကန့်ကွက်နေတဲ့ကြားက ပါလီမန်ရွေးကောက်ပွဲတွေကို ဇွန် ၂၉ ရက်နေ့က စတင် ကျင်းပနေပါတယ်။ ဘရွန်ဒီပြည်သူတွေဟာ လက်ရှိ သမ္မတ  နျူခွန်ရွန်ဇီဇာ သမ္မတသက်တမ်း တတိယအကြိမ် ဆက်ယူတာကို တရားမ၀င်ဘူးဆိုပြီး လနဲ့ချီ ဆန္ဒပြ ကန့်ကွက်နေကြပါတယ်။ ရဲနဲ့ပဋိပက္ခတွေအတွင်း လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့လက အာဏာသိမ်းမှုလည်း မအောင်မြင်ခဲ့ပါဘူး။ မြို့တော်မှာ ညတိုင်း သေနတ်ပစ်ခတ်မှုတွေ ရှိနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။ ဇွန် ၂၉ ရက်နေ့မှာ မြို့တော်က မဲရုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ရှိတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါကြောင့် မြို့ခံအများစုဟာလည်း အခုလို လုံခြုံရေးအာမခံမှု မရှိတာကြောင့် မဲရုံသွားပြီး မဲပေးရမှာကို စိုးရွံ့နေကြသလို ရွေးကောက်ပွဲမဲရလဒ်ကို သိရှိပြီးဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ သမ္မတရွေးကောက်ပွဲကို အရင်က ဇွန်လထဲမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဒေသတွင်း နိုင်ငံတွေက နောက်ဆုတ်ပေးဖို့ တောင်းဆိုတာကြောင့် ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေမရှိလို့ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့လည်း စေလွှတ်မှာ မဟုတ်ဘူးလို့ အာဖရိကသမဂ္ဂအဖွဲ့က ပြောဆိုထားပါတယ်။ အာဖရိကသမဂ္ဂနဲ့ ကုလသမဂ္ဂက ဒီသမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေပေမယ့် ဘရွန်ဒီနိုင်ငံမှာ မဲပေးဖို့အတွက်တော့ နိုင်ငံရေးတည်ငြိမ်တယ်၊ နောက်ဆုတ်ပေးခါမှ နိုင်ငံရေး မတည်မငြိမ် ဖြစ်လာပြီး နိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ ဘရွန်ဒီအစိုးရက ပြောဆိုပါတယ်။ ဒီရွေးကောက်ပွဲမှာ ဘရွန်ဒီပြည်သူ ၃ ဒသမ ၈ သန်းက မဲပေးခွင့်ရရှိကြပါတယ်။
6 years Ago

June 26, 2015

ဘရွန်ဒီ ဒု-သမ္မတ နိုင်ငံမှ ထွက်ပြေး

လက်ရှိ ဘရွန်ဒီသမ္မတက တတိယသမ္မတသက်တမ်း ဆက်ယူမှာကို ဆန့်ကျင်တဲ့ ဒု-သမ္မတဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က နိုင်ငံက ထွက်ပြေးခဲ့ပါတယ်။ လက်ရှိ သမ္မတက တတိယသက်တမ်း ဆက်ယူဖို့လုပ်တဲ့ကိစ္စဟာ အခြေခံဥပဒေကို ဆန့်ကျင်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့အပေါ် ခြိမ်းခြောက်မှုရှိတယ်လို့ ဒု-သမ္မတ ရတ်ဖီကီရီ (Rufyikiri) က ပြင်သစ် ၂၄ (France 24) ရုပ်သံကို ပြောလိုက်ပါတယ်။ “နိုင်ငံက ဗုဒ္ဓဟူးနေ့က ထွက်ခွာခဲ့တယ်။ သမ္မတရဲ့ သဘောထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ တတိယသက်တမ်းကိုပါ ဆက်ယူဖို့ လုပ်နေတာဟာ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာ လူတိုင်းက သိပါတယ်။” ဘရွန်ဒီအစိုးရရဲ့ ပြောခွင့်ရကတော့ ဒု-သမ္မတ ခြိမ်းခြောက်ခံရတယ်ဆိုတာကို ငြင်းဆန်ပါတယ်။ ဒု-သမ္မတလိုပဲ လွှတ်တော်ဥက္ကဋ္ဌကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံကို အရင်ထွက်ခွာခဲ့တာပါ။ ဧပြီ ၂၅ ရက်နေ့က လက်ရှိသမ္မတက နောက်သက်တမ်းအတွက် ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာခဲ့ချိန်ကစလို့ နိုင်ငံမှာ ၂ လကြာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။ ရဲနဲ့ ပဋိပက္ခတွေအတွင်း လက်ရှိအချိန်အထိ လူအယောက် ၇၀ သေဆုံးပြီး အယောက် ၅၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ ပြည်သူ ၁ သိန်းကျော်ဟာလည်း နိုင်ငံက ထွက်ခွာသွားကြတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဇွန် ၂၅ ရက်နေ့က မြို့တော်မှာ လက်ပစ်ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ လူတချို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဇွန် ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြစခန်းကို ရဲတွေက ဖြိုခွင်းလို့ ကျောင်းသားတွေဟာ အမေရိကန်သံရုံး အုတ်တံတိုင်းကိုကျော်ပြီး သံရုံးထဲ ၀င်ရောက်ခိုလှုံခဲ့ကြပါတယ်။ မေလထဲမှာ သမ္မတကို ဆန့်ကျင်တဲ့ အာဏာသိမ်းမှုတခု ဖြစ်ပွားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကို ဇွန်လထဲမှာ ကျင်းပဖို့ ပထမက စီစဉ်ခဲ့ပေမယ့် အာဖရိက ဒေသတွင်း ခေါင်းဆောင်တွေက ဇူလိုင် ၁၅ ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြလို့ ပါလီမန်ရွေးကောက်ပွဲကိုပါ နောက်ဆုတ်ပေးခဲ့တာပါ။ သမ္မတကတော့ သူ့ရဲ့ ပထမသက်တမ်းဟာ မဲဆန္ဒရှင်ပြည်သူတွေက တိုက်ရိုက် ရွေးကောက်ခဲ့တာ မဟုတ်ဘဲ ပါလီမန်က ရွေးချယ်ခဲ့လို့ အခြေခံဥပဒေနဲ့ အကျုံးမ၀င်ဘူးလို့ ပြောဆိုနေတာပါ။
6 years Ago
Up