ဘရိုက်တန်အသင်း

March 15, 2020

ပရီးမီးယားလိဂ်ပြန်စဖို့ ဖြစ်နိုင်ချေတော်တော်လေး နည်းပါတယ်- ဘရိုက်တန် အမှုဆောင်ရာရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဧပြီ ၄ ရက်မှာ ပြန်လည်စတင်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူးလို့ ဘရိုက်တန်အသင်းအမှုဆောင်အရာရှိ ပါလ်ဘာဘာက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ကိုရပ်နားခဲ့ရတာဖြစ်ပြီး ဧပြီလ ၄ ရက်ရောက်ကာမှ အဲဒီနေ့ အခြေအနေတွေပေါ် မူတည်ပြီး  ပွဲစဉ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်မယ်လို့ ပရီးမီးယားလိဂ်ဘက်က ပြောပါတယ်။  ဒါပေမယ့် ဘာဘာကတော့ အဲဒီနေ့မှာတောင် ဘယ်လိုမှ စတင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆထားပါ တယ်။  “ကျနော်တို့ဆို ကိုယ့်အစီစဉ်နဲ့ကိုယ်ခွဲခြားနေထိုင်နေတဲ့ အသင်းတချို့ရှိပြီးတော့ အဲဒီနေ့ အကြောင်းကို တွေးဖို့ဆိုတာ ခက်ခဲပါမယ်” လို့ သူက Football Focus ကို ပြောပါတယ်။  “ခွဲခြားနေထိုင်မှုမလုပ်တဲ့ ကစားသမားတွေဆိုရင်တောင် သူတို့ရဲ့ ပုံမှန်ကြံ့ခိုင်ရေးကိုပြန်ရဖို့ နောက်ထပ် ၁၄ ရက်လောက်ထပ်မံလေ့ကျင့်ရပါဦးမယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ ရှုပ်ထွေးလာနိုင်ပါ တယ်” လို့ ဆိုပါတယ်။ ဘီဘီစီအားကစားအယ်ဒီတာ ဒန်ရွန်းကလည်း ဧပြီ ၄ ရက်မှာပွဲတွေပြန်စဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားပြီး အက်ဖ်အေရဲ့ဥက္ကဋ္ဌ ဂျာ့ဂျကလက်ကလည်း ဒီရာသီပွဲစဉ်တွေ အားလုံးကို ဖျက်သိမ်းလိုက်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အင်္ဂလန်ကျန်းမာရေးအရာရှိချုပ် ပရော်ဖက်ဆာ ခရစ္စဝစ်တီကလည်း ယူကေရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အများဆုံးအချိန်ဟာ လာမယ့်သီတင်းပတ် ၁၀ ပတ်ကနေ ၁၄ ပတ်အတွင်း  ပေါ်ပေါက်လာနိုင်တယ်လို့ သုံးသပ်ထားပြီး အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် မတ်လနှောင်ပိုင်း ဒါမှမဟုတ် ဇွန်လစောပိုင်းမှာ ဖြစ်လာဖို့ရှိပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ကလပ်တွေဟာ လာမယ့်ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး နောက်နှစ်ကျရင် ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ပြိုင်ပွဲကို ကျင်းပ သင့်၊ မသင့်ဆုံးဖြတ်မှာဖြစ်ပါတယ်။  ဘောလုံးပြိုင်ပွဲတိုင်းကို ၃၈ ပွဲလုံး ပွဲပြည့်ကန်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့စတင်ခဲ့တာ ဖြစ်တာကြောင့် ပွဲအားလုံးကို ကန်စေချင်တယ်လို့ ဘာဘာက ပြောပါတယ်။ “ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ပွဲအားလုံးကို စီစဉ်ထားတဲ့အတိုင်းယှဉ်ပြိုင်သွားစေဖို့ပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုတာကလည်း  ခက်ခဲတဲ့အနေအထားနဲ့ကြုံတွေ့နေရပါတယ်။ တကယ်လို့ပွဲကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဒါဟာ လီဗာပူးအသင်းအတွက် မမျှတတဲ့ အရာဖြစ်သွားနိုင်ပါတယ်” 
2 years Ago
Up