ဘရာဇီးနိုင်ငံ ဘောလုံးအသင်းတသင်းမှ အသင်းသားတွေ အပါအ၀င် လူဦးရေစုစုပေါင်း ၈၁ ဦးပါဝင်တဲ့ လေယာဉ်တစင်းဟာ နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ကိုလံဘီယာနိုင်ငံကို ထွက်ခွာခဲ့ချိန်မှာ ပျက်ကျခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ၆ ဦးရှိပြီး လေယာဉ်ပေါ်မှာ ဘောလုံးသမားတွေ အပါအ၀င် ခရီးသည် ၇၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦး ပါဝင်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံ မယ်ဒလင်းလေဆိပ်ဆီ မဆင်းသက်ခင် လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ တောင်ကုန်းထူထပ်တဲ့နေရာဖြစ်တယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
လာမီယာအမည်ရ ဘိုလီးဗီးယားလေကြောင်းမှ ပြေးဆွဲနေတဲ့ အဆိုပါလေယာဉ်ဟာ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရတာပါ။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
လေယာဉ်ပေါ်ပါ ဘရာဇီးဘောလုံးအသင်းတသင်းဖြစ်တဲ့ Chapecoense ဘောလုံးအသင်းဟာ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ မယ်ဒလင်းအခြေစိုက် Atletico Nacional အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ လိုက်ပါခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago