ဘရာဇီးဘောလုံးသမားများ ပါဝင်သည့် ပျက်ကျလေယာဉ်မှ ပျံသန်းမှုမှတ်တမ်းသေတ္တာတွေ့ရှိ

A d v e r t i s e m e n t With Us

November 30, 2016

ဘရာဇီးဘောလုံးသမားများ ပါဝင်သည့် ပျက်ကျလေယာဉ်မှ ပျံသန်းမှုမှတ်တမ်းသေတ္တာတွေ့ရှိ

ဘရာဇီးပထမတန်းဘောလုံးအသင်း Chapecoense က အသင်းသားတွေ စီးနင်းလိုက်ပါလာပြီး ပျက်ကျခဲ့တဲ့ လေယာဉ်က ပျံသန်းမှုမှတ်တမ်း သေတ္တာနက်တွေကို ကိုလံဘီယာနိုင်ငံ မယ်ဒလင်းမြို့ပြင်က လေယာဉ်ပျက်ကျရာ နေရာကနေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြန်ရပြီလို့ ကိုလံဘီယာ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် ဘောလုံးအသင်းက ကစားသမားတွေ အပါအဝင် လူ ၇၁ ဦး သေဆုံးခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကို စုံစမ်းစစ်ဆေးနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ကိုလံဘီယာ မီးသတ်သမားတွေ၊ ရဲတွေနဲ့ ကြက်ခြေနီဝန်ထမ်းတွေက လေယာဉ်အပျက်ဝန်းကျင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ။ ရှင်သန်ကျန်ရစ်သူတွေကို ရှာတွေ့နိုင်ချေကတော့ အချိန်နဲ့အမျှ နည်းလာနေပါပြီ။ လေယာဉ်မှူးဟာ နည်းပညာပိုင်းချွတ်ယွင်းမှုရှိတယ်လို့ လေကြောင်းထိန်းချုပ်ရေး အရာရှိတွေကို သတင်းပို့ရင်း အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက လေဆိပ်အရာရှိတွေကို ကိုးကားပြီး အစီရင်ခံပါတယ်။ လေယာဉ်မှာ လျှပ်စီးပတ်လမ်း ပျက်ခဲ့တယ်လို့ ကိုလံဘီယာနဲ့ ဘိုလီးဗီးယား အရပ်ဘက် လေကြောင်းအာဏာပိုင် အဖွဲ့တွေက မှတ်တမ်းတင်ထားတယ်လို့ ကိုလံဘီယာ အရပ်ဘက် လေကြောင်းအဖွဲ့ အကြီးအကဲ အဲလ်ဖရက်ဒ်ဒို ဘိုကာနေဂရာက ပြောပါတယ်။ ရှင်သန်ကျန်ရစ်သူတွေထဲမှာ ဘရာဇီး ဘောလုံးအသင်းသား ၃ ဦးလည်း ပါပါတယ်။ သူတို့ဟာ လာစေဂျာမြို့က ဆေးရုံမှာ ကုသမှုခံယူနေပြီး အခြေအနေ တည်ငြိမ်ပါတယ်။ ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ် စန်တို့စ်က လေယာဉ်ပျက်ကျမှုအတွက် ဝမ်းနည်းစာနာကြောင်းပြောပြီး ဘရာဇီးပြည်သူတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ လူ ၈၁ ဦး တင်ဆောင်လာတဲ့ လေယာဉ်ပျက်ကျမှုကြောင့် နိုဝင်ဘာ ၂၉ ရက် မနက်အထိ သေဆုံးသူ ၇၅ ဦးရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ ဒဏ်ရာရသူတွေထဲက ၃ ဦး သေဆုံးသွားပြီလို့ သိရပါတယ်။
4 years Ago
Up