ဘရာဇီးထောင်

November 30, 2015

ဘရာဇီးထောင်တွင်း ကျင်းပသည့် အမျိုးသမီး အလှမယ်ပြိုင်ပွဲ (ဓာတ်ပုံ)

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ တာလာဗီယာဘရုစ် အမျိုးသမီးအကျဉ်းထောင်မှာ ထောင်တွင်းပြစ်ဒဏ်ကျ အမျိုးသမီး အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဓားပြမှုနဲ့ ထောင်ဒဏ် ၃၉ နှစ်ကျခံနေရသူ အသက် ၂၇ နှစ်အရွယ် မီရှဲလ်နေရီရန်ဂျဲလ်က ၂၀၁၅ ခုနှစ် ပြစ်မှုကျူးလွန်သူ အလှမယ်ဘွဲ့ကို ရရှိခဲ့တယ်လို့ မေရာအွန်လိုင်းသတင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ်တည်းက ဓားပြမှုနဲ့ ထောင်ထဲကို ရောက်နေခဲ့တာဖြစ်ပြီး ထောင်တွင်းပြည့်တန်ဆာမှု ကျူးလွန်ခဲ့မှုကြောင့် နောက်ထပ်ပြစ်ဒဏ် ၆ နှစ် ထပ်မံကျခံထားရသူပါ။ ဒီပြိုင်ပွဲကို အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုစွမ်းရည် ပိုမိုလာစေဖို့ ရည်ရွယ်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေဟာ ၀တ်စုံဒီဇိုင်းနဲ့ မိတ်ကပ်အပြင်အဆင်တွေကို စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြင်ဆင်ကာ ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေလို ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဘရာဇီးနိုင်ငံ၊ တရားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အမျိုးသမီး အကျဉ်းသားဦးရေဟာ ၅၆၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ ဘရာဇီးနိုင်ငံ ထောင်တွင်းအကျဉ်းသားဦးရေဟာ ကမ္ဘာ့စတုတ္ထအများဆုံး ဖြစ်လာတယ်လို့ ပြောပါတယ်။ ဓာတ်ပုံ - mirror.co.uk  
7 years Ago

October 7, 2015

ဘရာဇီးထောင်တွင်း စီးနင်းမှု ဓားစာခံ ၁၀ ဦးကို ဖမ်းဆီးထား (ရုပ်သံ)

ဘရာဇီးနိုင်ငံ ပါရာနာပြည်နယ်က ထောင်ထဲမှာ အောက်တိုဘာ ၆ ရက်နေ့က အဓိကရုဏ်းဖြစ်အပြီး ထောင်သားတွေက ထောင်ကို စီးနင်းခဲ့သလို အနည်းဆုံး လူ ၁၀ ဦးကိုလည်း ဓားစာခံ ဖမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထောင်သားတွေက ဓားစာခံတွေကို ဓားနဲ့ထောက်ပြီး ထောင်ခေါင်မိုးပေါ်မှာ တုပ်နှောင် ရိုက်နှက်ခဲ့ပြီး ခေါင်မိုးပေါ်က ပစ်ချမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။ ဓားစာခံတွေဟာ လိင်ပိုင်းပြစ်မှု ကျူးလွန်တဲ့ တခြားထောင်သားတွေ ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။ သတင်းတင်ပြချိန်ထိ ခေါင်မိုးပေါ်ကနေ တကယ်ပစ်ချခံရတဲ့ ထောင်သား မရှိသေးပါဘူး။ ဒါပေမယ့် လူရမ်းကား ထောင်သားတွေ လက်ကနေ လွတ်မြောက်ဖို့ အကျဉ်းသား ၂ ဦး အဆောက်အဦထဲကနေ ခုန်ချခဲ့ကြလို့ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆေးရုံပို့လိုက်ရပါတယ်။ အကျဉ်းသားတွေ မတန်တဆ ပြည့်ကြပ်နေတဲ့ ထောင်ထဲမှာ ရမ်းကားနေတဲ့ ထောင်သားတွေက ပြတင်းပေါက်တွေကို ရိုက်ချိုး ဖျက်ဆီးနေပြီး မီးတင်ရှို့ခဲ့ပါတယ်။ ရဲတွေနဲ့ မိသားစုဝင်တွေက အပြင်မှာ စုရုံးနေပါတယ်။ ထောင်တွင်းအဓိကရုဏ်းဟာ ဘရာဇီးမှာ ဖြစ်နေကျပါ။ ထောင်သားတွေက ထောင်တွင်း ညံ့ဖျင်းတဲ့ နေထိုင်မှု အခြေအနေကို အပြစ်တင်ကြပါတယ်။ ဘရာဇီးက ထောင်တွေဟာ များသောအားဖြင့် အကျဉ်းသားတွေနဲ့ မတန်တဆ ပြည့်ကြပ်နေတာပါ။ လွန်ဒရီနာပြည်နယ် ထောင်အမှတ် ၂ ဟာ ထောင်သား ၉၂၈ ဦးအတွက် ပုံစံထုတ်ထားပေမယ့် လတ်တလောမှာ ထောင်သား ၁၁၄၀ ရှိနေတယ်လို့ အစီရင်ခံထားပါတယ်။
7 years Ago
Up