ဘရာဇီးအစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်ကို မြို့ခံများ ချီတက်ဆန္ဒပြ

May 23, 2016

ဘရာဇီးအစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်ကို မြို့ခံများ ချီတက်ဆန္ဒပြ

လက်ရှိ ဘရာဇီး စီးပွားရေးအကျပ်အတည်းက ရုန်းထွက်နိုင်ရေး အစိုးရက ခြိုးခြံချွေတာရေး အစီအစဉ်တွေ ချမှတ်လာတဲ့အပေါ် ဆော်ပိုလိုမြို့ခံတွေ မေလ ၂၂ ရက်နေ့က ယာယီသမ္မတနေအိမ်ဆီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ယာယီသမ္မတ တေးမေ (Temer) ကတော့ နိုင်ငံစီးပွားရေး အကျပ်အတည်းက လွတ်မြောက်ဖို့ ဘရာဇီးပြည်သူ သန်းနဲ့ချီ မှီခိုနေရတဲ့ အစိုးရ လူမှုဖူလုံရေး အစီအစဉ်တွေကို အရင်ဆုံး လျှော့ချမှရမယ်လို့ ပြောဆိုထားပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဒယ်မာရူးဆက်ဟာ အစိုးရဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှုနဲ့ အရေးယူခံနေရတဲ့အတွက် ဒုတိယသမ္မတ တေးမေက ယာယီသမ္မတရာထူးကို ရယူထားတာပါ။ ဒီဆန္ဒပြပွဲကို ဘရာဇီး လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေက ဦးဆောင်စီစဉ်ကြပြီး အစိုးရ လူမှုဖူလုံရေး အစီအစဉ်တွေကို ထိခိုက်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယာယီသမ္မတကတော့ ဆန္ဒပြချီတက်ပွဲတွေ မဖြစ်ခင်ကတည်းက ဘရာဇီးမြို့တော်ကို ထွက်ခွာသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆန္ဒပြသူ ၃၀၀၀ လောက်ရှိမယ်လို့ ဘရာဇီးသတင်းတွေမှာ ဖော်ပြကြပြီး ယာယီသမ္မတရဲ့ နေအိမ်ကို မရောက်ရှိနိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေက အထပ်ထပ် ဟန့်တားနိုင်ခဲ့ပါတယ်။
6 years Ago
Up