ဘရာဇီးအကျဉ်းထောင်

A d v e r t i s e m e n t With Us

May 28, 2019

ဘရာဇီး အကျဉ်းထောင်တခုတွင် အဓိကရုဏ်းဖြစ်၊ ၁၅ ဦးသေဆုံး

ဘရာဇီးနိုင်ငံ မားနောက်စ်မြို့က အကျဉ်းထောင်တခုမှာ မေလ ၂၆ ရက်နေ့က အကျဉ်းသားတွေ အချင်းချင်း အဓိကရုဏ်းအတွင်း လူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဧည့်တွေ့ချိန်မှာ ပဋိပက္ခတွေ စဖြစ်ခဲ့ပြီး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာလည်း အကျဉ်းထောင် အပြင်ဘက်မှာ လမ်းပိတ် ဆန္ဒပြခဲ့တာကြောင့် ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ အချင်းချင်း ရန်လိုသတ်ဖြတ်ခဲ့ကြပြီး တချို့ကလည်း သွားတိုက်တံတွေနဲ့ ထိုးသတ်ခဲ့ကြတယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်တဲ့ အစီရင်ခံစာက ပြောပါတယ်။ နောက်တနေ့ မေလ ၂၇ ရက်နေ့မှာပဲ မားနောက်စ်မြို့က တခြားအကျဉ်းထောင် လေးခုမှာလည်း ထောင်တွင်းပဋိပက္ခတွေကြောင့် နောက်ထပ်အကျဉ်းသား အယောက် ၄၀ လည်ပင်းညှစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ ပဋိပက္ခတွေကို ရပ်ဆိုင်းဖို့ အာဏာပိုင်တွေက မားနောက်စ်မြို့ကို ပြည်ထောင်စုရဲတပ်ဖွဲ့ စေလွှတ်ထားပါတယ်။ ထောင်တွေအားလုံးနီးပါးကို မူးယစ်ဂိုဏ်းတွေက အုပ်စိုးထားတဲ့ ဘရာဇီးနိုင်ငံမှာ အကျဉ်းသားအချင်းချင်း တိုက်ခိုက်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဘရာဇီးသမ္မတ ယဲရ် ဘော့ဆိုနာရိုက အကျဉ်းထောင် အရေအတွက် တိုးမြှင့်ဆောက်လုပ်ပြီး ထောင်တွေကို ပြန်လည်ထိန်းချုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ဘရာဇီးအကျဉ်းထောင်တွေဟာ အကျဉ်းသား အရေအတွက် အဆမတန်များပြီး ဒေသခံအာဏာပိုင်တွေ ထိန်းချုပ်မှုအောက်ကနေ လွတ်နေခဲ့တဲ့အပြင် မူးယစ်ဂိုဏ်းတွေအတွက် လူသစ်စုဆောင်းတဲ့ စင်တာတွေလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up