ဘရာဇီးသံရုံး

A d v e r t i s e m e n t With Us

December 16, 2019

ဘရာဇီးသံရုံး ဂျေရုဆလင်ပြောင်းရန် ကတိရထားဟု အစ္စရေးဝန်ကြီးချုပ်ပြော

၂၀၂၀ ပြည့်နှစ်မှာ ဂျေရုဆလင်မြို့ဆီကို ဘရာဇီးသံရုံး ပြောင်းရွှေ့ဖို့ ဘရာဇီးသမ္မတရဲ့ သားဖြစ်သူဆီက ကတိရထားပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘရာဇီးသမ္မတ ဂျဲဘော့ဆိုနာရိုအနေနဲ့ တဲလ်အဲဗစ်မြို့ကနေ ဂျေရုဆလင်မြို့ဆီကို ဘရာဇီးသံရုံး ရွှေ့ပြောင်းရေး သူ့ရဲ့ရည်ရွယ်ချက်ကို အချက်ပြလိုက်တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ဘရာဇီးအကြီးတန်းအရာရှိတွေကတော့ အာရပ်နိုင်ငံတွေနဲ့ ကုန်သွယ်မှု ဆက်ဆံရေး ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။ ဘရာဇီးဟာ အခုနှစ်အတွင်းမှာပဲ ဂျေရုဆလင်မြို့မှာ ကုန်သွယ်ရေးစီမံကိန်းတခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဂျေရုဆလင်မြို့မှာ ပြုလုပ်တဲ့ ဘရာဇီးနိုင်ငံသားဆိုင်ရာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီသစ်ဖွင့်ပွဲ အခမ်းအနားမှာ သမ္မတ ဘော့ဆိုနာရိုရဲ့ သားဖြစ်သူ လွှတ်တော်အမတ် အက်ကွာဒို ဘော့ဆိုနာရိုက  ဂျေရုဆလင်မြို့ဆီကို ဘရာဇီးသံရုံး ပြောင်းရွှေ့မယ့်အစီအစဉ်ကို ပြောခဲ့တာပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ရွှေ့ပြောင်းမယ်ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။  ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်သံရုံးကိုလည်း တဲလ်အဲဗစ်မြို့ကနေ ဂျေရုဆလင်မြို့ဆီ ရွှေ့ပြောင်းလိုက်ပါတယ်။ ဂျေရုဆလင်မြို့အရေးဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခရဲ့ အဓိကပြဿနာတခု ဖြစ်ပြီး နှစ်ဖက်စလုံးက သူတို့ရဲ့ မြို့တော်လို့ အငြင်းပွားနေကြတာကြောင့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ 
1 year Ago
Up