ဘရာဇီးသမ္မတ

November 28, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးဟု ဘရာဇီးသမ္မတ ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးဘူးလို့ ဘရာဇီးသမ္မတ ဂျရဲဘော်ဆိုနာရိုက နိုဝင်ဘာ ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်အပေါ်မှာ သံသယရှိတာကို ဖော်ပြတဲ့ သမ္မတ ဘော်ဆိုနာရိုရဲ့ နောက်ဆုံးပြောဆိုချက်တခုပါ။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေက တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဘော်ဆိုနာရိုက နှာခေါင်းတပ်တာဟာ ဗိုင်းရပ်စ်ပျံ့နှံ့တာကို ထိထိရောက်ရောက် ထိန်းချုပ်တယ်ဆိုတဲ့ အထောက်အထား မရှိသလောက်ပဲလို့လည်း ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ရချိန်မှာ ဘရာဇီးနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးစရာ မလိုအပ်ဘူးလို့လည်း  ဘော်ဆိုနာရိုက ထပ်တလဲလဲ ပြောဆိုထားပါတယ်။  ဘရာဇီးဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကြောင့် ဒုတိယသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက  သမ္မတ ဘော်ဆိုနာရိုကိုယ်တိုင် ကိုဗစ် ကူးစက်ခံခဲ့ရပေမယ့် သူက ကပ်ရောဂါရဲ့ ပြင်းထန်မှုကို ပေါ့ပေါ့တန်တန် သဘောထားနေတယ်လို့ ရိုက်တာက တင်ပြပါတယ်။
6 months Ago

October 22, 2020

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မဝယ်ဟု ဘရာဇီးသမ္မတ ပြော

တရုတ်ဆေးကုမ္ပဏီ စီနိုဗက်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်မှာ မဟုတ်ဘူးလို့ ဘရာဇီး သမ္မတ ဂျရဲဘော်ဆိုနာရိုက အောက်တိုဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။  သမ္မတ ဘော်ဆိုနာရို ပြောဆိုချက်ဟာ ကျန်းမာရေးဝန်ကြီး ပြောဆိုတာနဲ့ ကွဲလွဲနေပါတယ်။ ဘရာဇီးကျန်းမာရေးဝန်ကြီးက နိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်မှာ စီနိုဗက်လည်း ပါဝင်တယ်လို့ အောက်တိုဘာ ၂၀ ရက်က ပြောဆိုခဲ့ပါတယ်။ ဆော်ပေါ်လိုပြည်နယ်က ဘူတန်တန် ဇီဝဆေးဝါးသုတေသနစင်တာမှာလည်း စီနိုဗက် ကာကွယ်ဆေးကို စမ်းသပ်နေတာပါ။  ဒါပေမဲ့ ဘော်ဆိုနာရိုကတော့ စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက် မပေးမချင်း ကာကွယ်ဆေး အားလုံးကို ပယ်ချတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။  အမေရိကန်သမ္မတ ထရမ့်နဲ့ တဖြည်းဖြည်း တူလာတဲ့  လက်ယာယိမ်း ဘရာဇီးသမ္မတ ဘော်ဆိုနာရိုဟာ အရင်ကလည်း  တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ချိုးချိုးဖဲ့ဖဲ့ ပြောဖူးပါတယ်။  ဘရာဇီးသမ္မတ ပြောဆိုချက်နဲ့ပတ်သက်လို့ တရုတ်ဆေးကုမ္ပဏီ စီနိုဗက်က ချက်ချင်း တုံ့ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။  ဘူတန်တန် ဇီဝဆေးဝါးသုတေသနစင်တာ ညွှန်မှူးကတော့ ဖက်ဒရယ်အစိုးရရဲ့ ကာကွယ်ဆေး အစီအစဉ်မှာ မပါဝင်ရင်တောင် စီနိုဗက်ကာကွယ်ဆေး အလုံးရေ  ၄၆ သန်းကို  ဆက်ပြီး ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။    
7 months Ago
More News
Up