ဘရာဇီးလ်တွင် မျောက်တကောင် အရက်သောက်ပြီး ဓားကိုင်သောင်းကျန်း (ရုပ်သံ)

February 18, 2016

ဘရာဇီးလ်တွင် မျောက်တကောင် အရက်သောက်ပြီး ဓားကိုင်သောင်းကျန်း (ရုပ်သံ)

ဘရာဇီးလ်နိုင်ငံ စားသောက်ဆိုင်တခုမှာ ရန်လိုနေတဲ့ မျောက်တကောင်ဟာ မီးဖိုချောင်သုံးဓားတလက်ကို ကိုင်ဆောင်ပြီး သောင်းကျန်းခဲ့လို့ ကယ်ဆယ်ရေးသမားတွေကို ခေါ်ခဲ့ရတယ်လို့ ယူပီအိုင်သတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ဘရာဇီးလ်နိုင်ငံ၊ ပါရေးဘာပြည်နယ်၊ ပါတို့စ်ဒေသတွင်း စားသောက်ဆိုင်တဆိုင်ထဲမှာ မျောက်တကောင်ဟာ ဓားကိုင်ပြီး စားပွဲပေါ်က အရက်ခွက်တွေတွန်းချတာတွေ လူတယောက်နောက်ကို လိုက်တာတွေပြုလုပ်ခဲ့တာကြောင့် ဒေသတွင်းမီးသတ်ဌာနဆီ အကူအညီတောင်းခံခဲ့ရတာပါ။ အဲဒီအမျိုးသားဟာ မျောက်လိုက်မှုကြောင့် သူ့အဖော်အမျိုးသမီးကို ဆိုင်တွင်းမှာ ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာပါ။ မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆော်လ်လော်ရန်တီနိုက အဲဒီမျောက်ဟာ အဲဒီလိုသောင်းကျန်းတာတွေ မလုပ်ခင်မှာ ရမ်အရက်တခွက်ကို သောက်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒေသတွင်းမျက်မြင်သက်သေတွေက အဆိုပါမျောက်ဟာ ဆိုင်ရဲ့ခေါင်မိုးကို ဓားနဲ့ ကုတ်ခြစ်နေတာကို ရုပ်သံမှတ်တမ်းယူထားခဲ့ကြပါတယ်။ နောက်ဆုံးမှာ အဲဒီမျောက်ကို ကယ်ဆယ်ရေးသမားတွေက ဖမ်းမိခဲ့ပြီး တောထဲကို ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up