ဘရာဇီးလိဂ် ဒါဘီပြိုင်ဘက် ပွဲစဉ်ဖြစ်တဲ့ ဗစ်တိုးရီးယားနဲ့ ဗာဟီးယားတို့ပွဲစဉ်မှာ ကစားသမား ၉ ဦးအထိ အထုတ်ခံခဲ့ရလို့ ပွဲရပ်နားခဲ့ရပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာ ဒီနယ်ဆင်က အိမ်ရှင် ဗစ်တိုးရီးယားအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ဗာဟီးယားအသင်းက ပင်နယ်တီကနေ ချေပဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံကြောင့် ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့တာပါ။
ဗာဟီးယား ကစားသမားတွေဟာ ပင်နယ်တီသွင်းအပြီး အိမ်ရှင်ပရိသတ်တွေရဲ့ရှေ့မှာ သွေးဆူစေမယ့် အကနဲ့ အောင်ပွဲခံခဲ့တာကြောင့် ဗစ်တိုးရီးယားဂိုးသမားက လာရောက် တားဆီးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကစားသမားတွေအားလုံး ဝင်ရောက်လာပြီး ပရိသတ်ရှေ့မှာ အောင်ပွဲခံမှု ပြုလုပ်တဲ့ ဗာဟီးယားအသင်းက ဗီနီဆီးယက်စ်ကို ဗစ်တိုးရီးယား ကစားသမားတဦးက လက်သီးနဲ့ထိုးခဲ့ပြီး နှစ်ဖက်အသင်းသားတွေကြား တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီရန်ပွဲအပြီးမှာ ဗာဟီးယားကစားသမား သုံးဦးနဲ့ ဗစ်တိုးရီးယား ကစားသမားနှစ်ဦး စတင် အထုတ်ခံရပြီး နောက်ထပ်ပွဲချိန်တွေမှာ ကစားသမား လေးဦး ထပ်ပြီး အထုတ်ခံခဲ့ရတာပါ။
ဒီပွဲကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘရာဇီး အားကစားတရားရုံးက အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
3 years Ago