ဘရာဇီးကမ်းခြေ

June 21, 2020

ဘရာဇီးကမ်းခြေတွင် အပန်းဖြေသူများကို ရဲတပ်ဖွဲ့ ရှင်းလင်း

ဘရာဇီးရဲတပ်ဖွဲ့ဟာ ရီယိုဒီဂျနေရိုးမြို့တော်က ကိုပါကာဘာနာကမ်းခြေမှာ လာရောက် အပန်းဖြေနေသူတွေကို ဇွန်လ ၂၀ရက်က ရှင်းလင်းခဲ့ပါတယ်။  နိုင်ငံတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ သောင်းကျော်လာပေမဲ့  ဒီကမ်းခြေကို လာရောက်သူတွေကို အာဏာပိုင်တွေက တားဆီးနိုင်ခြင်းမရှိပါဘူး။ ဒီအတွင်း ဘရာဇီးမှာ အတည်ပြုလူနာစာရင်းက ၁ သန်း ကျော်ခဲ့ပါပြီ။  ရိုက်တာသတင်းက ရရှိတဲ့ ဗီဒီယိုဖိုင်ထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက လူတွေကို ကမ်းခြေကနေ ထွက်သွားဖို့ ပြောနေတာ တွေ့ရပါတယ်။  ဘရာဇီးမှာ ပထမဆုံး ကိုဗစ်-၁၉ လူနာကို ဖေဖော်ဝါရီ ၂၆ မှာ စတွေ့ခဲ့ပြီး ဇွန်လ ၁၉ ရက်မှာတော့ လူနာ ၁ သန်းကျော်ခဲ့ပါပြီ။  ကျွမ်းကျင်သူတွေကတော့ အကျယ်အပြန့် ဆေးစစ်မှု မလုပ်နိုင်တဲ့အတွက်  အမှန်တကယ် လူနာအရေအတွက်ဟာ ဒီထက်ပိုများမယ်လို့ ခန့်မှန်းထားကြပါတယ်။ 
11 months Ago

October 29, 2019

ဘရာဇီးကမ်းခြေတွင် ရေနံများသောင်တင်နေသဖြင့်  သဘာဝပတ်ဝန်းကျင်ပျက်စီး

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းက ကမ်းခြေတလျှောက်မှာ ရေနံအနည်အနှစ်တွေ သောင်တင်နေတာ နှစ်လကျော် ရှိလာချိန်မှာတော့ အဲဒီဒေသက သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်လာနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိမှာတော့ အစိုးရနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ကမ်းခြေတွေမှာ ရေနံတွေကို ဖယ်ရှားနေကြပါတယ်။ အဲဒီပြဿနာကြောင့် ဒီရေတောတွေမှာ ရေနံတွေနဲ့ ညစ်ညမ်းနေတဲ့အပြင် ကမ်းခြေကို မှီခိုပြီး ပင်လယ်စာရောင်းသူတွေလည်း တော်တော်လေး အခက်တွေ့နေရပါတယ်။  ဘရာဇီး အာဏာပိုင်တွေနဲ့ ကျွမ်းကျင်သူတွေဟာ ရေနံအနည်အနှစ်တွေ ဘယ်က ရောက်လာတာလဲ ဆိုတာကို စုံစမ်းစစ်နေပြီး ဗင်နီဇွဲလားနိုင်ငံဘက်က ရောက်လာတာလို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း ဗင်နီဇွဲလားဘက်ကနေ ဘရာဇီးထဲကို ရေနံတွေ ဘယ်လို ဝင်ရောက်လာတယ် ဆိုတာကတော့ တိကျတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။ ဘရာဇီး အရှေ့မြောက်ပိုင်းက အပူပိုင်းကမ်းရိုးတန်းရဲ့ မိုင်ပေါင်း ၁၂၀၀ ကျော်တလျှောက်က ကမ်းခြေတွေမှာ ရေနံအနည်အနှစ်တွေ သောင်တင်နေတာ ဖြစ်ပြီး ရာချီတဲ့လူတွေ စုပေါင်းသန့်ရှင်းရေး လုပ်နေကြရပါတယ်။ အများစုကတော့ လက်ဗလာ ခြေဗလာတွေနဲ့ ရေနံတွေကို သိမ်းကျုံးနေကြတယ်။ သမားရိုးကျ နည်းလမ်းတွေနဲ့ ဖယ်ရှားတာက မထိရောက်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up