ဘရာဇီး

September 25, 2021

အာဂျင်တီးနား၊ မက္ကဆီကိုနှင့် ဘရာဇီးတွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုလှုပ်ရှားမှု ပြုလုပ်

အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ဘရာဇီးတို့ရဲ့ မြို့တော်တွေဖြစ်တဲ့ ဗျူးနို့စ်အေရိစ်၊ ဆောင်ပိုလိုနဲ့ မက္ကစီကို စီးတီးမြို့ကြီးတွေမှာ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂၄ ရက် က ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ 

အာဂျင်တီးနားနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်ဖို့ လူရာပေါင်းများစွာ စုဝေးခဲ့ကြပြီး ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများစွာဟာ 'ဝက်သား သဘောတူညီချက်' ကို ဆန့်ကျင်ရေး စာတန်းတွေလည်း ကိုင်ဆောင်ထားကြပါတယ်။ 

ဝက်သားသဘောတူညီချက်ဟာ လေးနှစ်အတွင်း အာဂျင်တီးနားရဲ့ ဝက်သားအထွက်နှုန်း နှစ်ဆတိုးဖို့ ရည်မှန်းထားတဲ့ တရုတ်နဲ့လက်မှတ်ထိုးဖို့ သတ်မှတ်ထားတာပါ။ 

ဘရာဇီးမှာ ဆန္ဒပြသူတွေဟာ သမ္မတ ဘော်ဆိုနာရိုနဲ့ သစ်တောပြုန်းတီးမှု မြင့်မားမှုဒဏ်ကို အမြဲခံနေရတဲ့ အမေဇုန်တောကို ဖျက်ဆီးနေတဲ့ ဆက်တိုက် မီးလောင်မှုတွေကို ဆန့်ကျင်ဆန္ဒပြ ကြတာဖြစ်ပါတယ်။ 

နှစ်စဉ်သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်မှုတွေကို မြင်တွေ့နေရပြီး ဒါက အထူးသဖြင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် အရမ်းဝမ်းနည်းစရာကောင်းတယ် လို့ တက်ကြွလှုပ်ရှားသူ လူဝစ်ဆာ ဆန်တီက ပြောပါတယ်။ 

သမ္မတ ဘော်ဆိုနာရို လက်ထက်မတိုင်မီက ဘရာဇီးနိုင်ငံမှာ အမေဇုန်တောမီး အကြီးအကျယ် လောင်တာကို ၂၀၁၀ ခုနှစ်မှာ နောက်ဆုံးတွေ့မြင်ခဲ့ရတာပါ။

မက္ကဆီကိုစီးတီးမှာတော့ Fridays for Future  အနာဂတ်အတွက်သောကြာနေ့လို့ အမည်ပေးထားတဲ့ ဒေသတွင်းဆန္ဒပြပွဲမှာ သမ္မတ အင်ဒရေးစ် မန်နျူယလ် လိုပက်ဇ် အိုဘရာဒေါ က အကြီးအကျယ် နောက်ခံပေးထားတဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီ Pemex ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပါတယ်။ 

သမ္မတ အိုဘရာဒေါဟာ သူ့ဇာတိမြေ တာဘတ်စ်ကို ပြည်နယ်မှာ ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိ ရေနံချက်စက်ရုံအသစ်ဆောက်ဖို့အပြင် လက်ရှိ Pemex စက်ရုံ ၆ ခုကို အဆင့်မြှင့်ဖို့ ကတိပြုထားတာပါ။

ဒါ့အပြင် သူဟာ ပုဂ္ဂလိကပိုင် လေအားသုံးနဲ့ နေရောင်ခြည်သုံး စက်ရုံတွေကိုလည်း အမျိုးသားဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားလို့ လျှပ်စစ်ကို ပြတ်တောင်းပြတ်တောင်း သုံးနေရတယ်လို့ ဆိုပြီး ဒါဇင်နဲ့ချီတဲ့စက်ရုံတွေကို ယာယီပိတ်ခိုင်းထားပါတယ်။ 

ရာသီဥတုအကျပ်အတည်းဟာ ၁၀ နှစ်၊ ၁၅ နှစ်ပဲဖြစ်မယ့်ကိစ္စမဟုတ်ဘဲ အခုပဲဖြစ်နေပြီလို့ ရာသီဥတုတက်ကြွလှုပ်ရှားသူ မာယီယာရေးစ်ကပြောခဲ့ပြီး အစိုးရဟာ ရုပ်ကြွင်းလောင်စာဆီ လုပ်ငန်းကို ငွေကြေးထောက်ပံ့နေဆဲပါလို့လည်း ဆိုပါတယ်။ 

ကမ္ဘာတဝန်းမှ လူငယ်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ချိန်ကတည်းက သူတို့ရဲ့ အကြီးဆုံးဆန္ဒပြပွဲအနေနဲ့ သောကြာနေ့မှာ အသီးသီးလမ်းမပေါ်ထွက်ပြီး ဆိုးရွားတဲ့ ရာသီဥတု ပြောင်းလဲမှုကိုကာကွယ်ဖို့ အရေးတကြီး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

 ဒီသပိတ်လှုပ်ရှားမှုဟာ ကမ္ဘာမြေကြီးကို ပူပြင်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ဖြတ်တောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဆီကနေ ပိုအမြော်အမြင်ကြီးမားတဲ့ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုကို ရည်ရွယ်ထားတဲ့ UN COP26 ထိပ်သီးအစည်းအဝေး မတိုင်မီ ၅ ပတ်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

2 days Ago

September 15, 2021

ဘရာဇီးတွင် အသေးစားလေယာဉ် ပျက်ကျသဖြင့် လူ ၇ ဦး သေဆုံး

ဘရာဇီးနိုင်ငံ၊ ပီရာစီကာဘာမြို့ကနေ စက်တင်ဘာ ၁၄ ရက်က ပျံတက်လာတဲ့ အသေးစား လေယာဉ်တစီး ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့လို့ လူ ၇ ဦး သေဆုံးသွားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် သူကြွယ်ကြီး ဆယ်လိုစီလ်ဗေးရာမယ်လိုဖီလ်ဟိုနဲ့ သူ့ဇနီး၊ သူ့ကလေး ၃ ယောက်နဲ့ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်က မော်ဂန်တီလေဆိပ်ကနေ ထွက်အပြီး ၁၅ စက္ကန့်အတွင်း ပျက်ကျခဲ့တာဖြစ်ပြီး  ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပီရာစီကာဘာ ဒေသန္တရအစိုးရက ပြောပါတယ်။

လေယာဉ်ဟာ ဆောပေါ်လိုမြို့ နည်းပညာကောလိပ်နားက သစ်တောထဲကို ပျက်ကျခဲ့တာ ဖြစ်ပြီး ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။ 

သေဆုံးသူမိသားစုဟာ ဘရာဇီးရဲ့ အကြီးဆုံး ဇီဝလောင်စာထုတ်လုပ်သူ ကိုဆန်လုပ်ငန်းစုရဲ့ ရှယ်ယာရှင်တွေလို့ ရိုက်တာက ဖော်ပြထားပါတယ်။

2 weeks Ago
More News
Up