ဘရပ်ဆဲလ်

March 7, 2020

ဆွီဒင်ဆယ်ကျော်သက် ဦးဆောင်သည့် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဘရပ်ဆဲလ်တွင် ကျင်းပ

ဆွီဒင်ဆယ်ကျော်သက် ဂရီတာသန်းဘတ် ဦးဆောင်တဲ့ ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲကို မတ်လ ၆ ရက်က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။    ရာသီဥတုဆိုင်ရာ ဥရောပသမဂ္ဂ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၅၀ အချိန် သတ်မှတ်ချက်ကို သန်းဘတ်က ဝေဖန်ပြောကြားပြီး နောက်တနေ့မှာ ချီတက်ပွဲကို လုပ်ခဲ့တာပါ။   ဆန္ဒပြသူတွေက ဘရပ်ဆဲလ် ဘူတာကြီးအပြင်ဘက်မှာ စုဝေးပြီး ဥရောပသမဂ္ဂ EU နဲ့ ဥရောပကောင်စီ တည်ရှိရာ ဥရောပရပ်ကွက်ဆီ ချီတက်ခဲ့ပါတယ်။  အဲဒီမှာ သန်းဘတ်က အီးယူတာဝန်ရှိသူတွေကို  “ကိုယ်ရဲ့ အရှုပ်ထုပ်ကို တခြားလူ လာရှင်းပေးဖို့ မထားခဲ့ပါနဲ့” ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။  သန်းဘတ်က ဥရောပရဲ့ ရာသီဥတုဆိုင်ရာဥပဒေဟာ လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့ နောက်ထပ်နှစ်ချီပြီး ထပ်စောင့်ရမယ်လို့ ပြောပါတယ်။   သူက အချိန်ဟာ အခုကမ္ဘာ့လူသားတွေမှာ ရှိမနေတဲ့ အဖိုးတန်အရာမို့ ရာသီဥတုဘေး ကျရောက်ချိန်မှာ အဲဒီလို လုပ်ဆောင်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။  ချီတက်ပွဲမှာ လူ ၃၄၀၀ ကျော် ပါဝင်ခဲ့ပြီး အတော်များများက ကျောင်းပြေးပြီး သန်းဘတ်ရဲ့ ချီတက်ပွဲမှာ လာရောက်ပူးပေါင်းကြတဲ့ ကျောင်းသားလူငယ်တွေ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago

February 13, 2020

နေတိုးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး 

မြောက်အတ္တလန္တိတ်မဟာမိတ်နိုင်ငံများအဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပပါတယ်။ အိုင်အက်စ် စစ်သွေးကြွတိုက်ဖျက်ရေး အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်အတွက် ဝန်ထုပ်ဝန်ပိုး သက်သာစေရေး အီရတ်မှာရှိတဲ့ နေတိုးရဲ့ လေ့ကျင့်ရေးတာဝန်တွေကို တိုးမြှင့်ဖို့ စဉ်းစားနေကြတာပါ။  အီရတ်လုံခြုံရေးတပ်တွေရဲ့ အရည်အချင်းတိုးမြှင့်ဖို့ သင်တန်းပေးတာနဲ့ အတိုင်ပင်ခံ အကြံပေးတာတွေလို တိုက်ခိုက်ရေး မဟုတ်တဲ့ စစ်ဆင်ရေးတွေ နေတိုးနဲ့ ညွန့်ပေါင်းတပ်တွေမှာ ရှိပြီးသားပါ။  ဒါပေမယ့် အမေရိကန် ဒရုမ်းယာဉ် စစ်ဆင်ရေးအတွင်း အီရတ်မှာ ရောက်နေတဲ့ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီးကို လုပ်ကြံခဲ့အပြီးမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် နေတိုးရဲ့ စစ်ဆင်ရေး ၂ရပ်စလုံးကို ဆိုင်ငံ့ထားပါတယ်။  အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံအပြီးမှာ အရှေ့အလယ်ပိုင်းဒေသတွင်း နေတိုးက ပိုပြီး အလုပ်လုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးကို ဆော်သြခဲ့ပါတယ်။  ဒါပေမဲ့ ပိုအလုပ်လုပ်သင့်တာ ဘာလဲဆိုတဲ့ နောက်ဆက်တွဲ အသေးစိတ်အချက်ကို ထရမ့်က လူသိရှင်ကြား မပြောခဲ့ပါဘူး။  အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါ အပါအဝင် နေတိုးကာကွယ်ရေး ဝန်ကြီးတွေ ဟာ ၂ ရက်ကြာ အစည်းအဝေးအတွင်း တိုက်ခိုက်ရေး မဟုတ်တဲ့ စစ်ဆင်ရေးတွေအတွက် နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ နေတိုးရဲ့အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က အစည်းအဝေး မတိုင်ခင်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။ 
1 year Ago
Up