လက်စတာအသင်းလူစာရင်းဟာ အပြောင်းအရွှေ့ကိစ္စတွေကြောင့် မတည်မငြိမ် ဖြစ်နေရကြောင်း နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်လေးပွဲမှာ သုံးပွဲရှုံး၊ တပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာပါ။ အဲဒီလို ရလဒ်ကောင်းမွန်ခြင်း မရှိတာဟာ အသင်းရဲ့လူစာရင်း တည်ငြိမ်မှုမရှိတာတွေနဲ့ သက်ဆိုင်ကြောင်း နည်းပြရော်ဂျာက ထောက်ပြသွားခဲ့တာပါ။
“ကျနော် အရင်က ပြောခဲ့သလိုပါပဲ။ ခြေစွမ်းတိုးတက်လာနိုင်မယ့် ပတ်ဝန်းကျင်တိုင်းက တည်ငြိမ်မှုရှိဖို့လိုတယ်။ ကျနော်တို့ တည်ငြိမ်မှုမရှိသေးပါဘူး။ အပြောင်းအရွှေ့ ပိတ်သိမ်းသွားချိန်မှာတော့ ပြောင်းလဲသွားနိုင်တယ်” လို့ နည်းပြရော်ဂျာက ပြောပါတယ်။
လက်စတာအသင်းဟာ ကစားသမားခေါ်ယူမှုအနေနဲ့ အရန်ဂိုးသမားတဦးပဲ ခေါ်ယူထားပြီး အဓိက ကစားသမားတွေက ထွက်ခွာတာရှိသလို ဆက်လက်ထွက်ခွာဖို့လည်း ရှိပါတယ်။
ဂိုးသမားရှမိုက်ကယ်က အသင်းနဲ့ လမ်းခွဲခဲ့သလို နောက်ခံလူ ဖိုဖာနာကလည်း ချဲလ်ဆီးဆီပြောင်းဖို့ သဘောတူညီခဲ့ပါတယ်။
အလားတူ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲရောက်နေတဲ့ တိုင်လေမန်းစ်၊ မက်ဒီဆန်၊ ဟာဗေးဘန်းစ်တို့ဟာလည်း အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေပါတယ်။
လက်စတာအသင်းလူစာရင်းကို ကြီးမားတဲ့ အပြောင်းအလဲတခု လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောသွားပါတယ်။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူသစ်ခေါ်ယူဖို့ လိုအပ်ပေမယ့် ကစားသမားသစ်တဦးမှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီအတွက် လာမယ့်နှစ်အတွက်တော့ ကစားသမားစာရင်းကို ကြီးမားတဲ့ အပြောင်းအလဲ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နည်းပြရော်ဂျာက ပြောပါတယ်။
“ဇန်နဝါရီမှာ လူသစ်ခေါ်ရတာက ခက်ပါတယ်။ လာမယ့်နွေရာသီမှာတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့လိုတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ၃ နှစ်လောက် အတူအလုပ်လုပ်ခဲ့ကြပြီးပြီဆိုတော့ လူစာရင်းကို ပြန်လည်အားသစ်လောင်းဖို့ လိုအပ်ပါတယ်။”
လက်စတာအသင်းဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပြီး ပွဲစဉ် ၂ဝ ကစားအပြီးမှာ အမှတ်ပေးဇယားအဆင့် ၁ဝ နေရာမှာပဲ ရပ်တည်နေပါတယ်။