ဘရက်ပစ်ဒ်

May 24, 2018

ဟာဗေးဝိန်းစတိန်းကို ဘရက်ပစ်ဒ်က နံရံဆီကိုင်ပေါက်ပြီး သတ်မည်ဟု သတိပေးခဲ့

ဟောလိဝုဒ်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီး တော်တော်များများက ၂၀၁၇ ခုနှစ်က စွပ်စွဲခဲ့ရာမှာ ဂွင်းနစ်ပက်ထရိုလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ မေလ ၂၃ ရက်နေ့ကလုပ်တဲ့ SirusXM ပွဲမှာ မင်းသမီး ဂွင်းနစ်က ဝိန်းစတိန်းရဲ့ လိင်ပိုင်းစော်ကားမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။ အသက် ၄၅ နှစ်အရွယ် ဂွင်းနစ်က သူမ အသက် ၂၂ နှစ်အရွယ်မှာ ဂျိမ်းအော်စတင်ရဲ့ ဝတ္ထုတပုဒ်ကို အခြေခံထားတဲ့ Emma လို့ အမည်ပေးထားတဲ့ ရုပ်ရှင်မှာ ဦးစီးသရုပ်ဆောင်ဖို့ ရုပ်ရှင်ထုတ်လုပ်သူက ငှားရမ်းစဉ် ဟာဗေးဝိန်းစတိန်းက သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာလို့ ပြောခဲ့ပါတယ်။ ဂွင်းနစ်က ဒီဆိုးရွားတဲ့ အတွေ့အကြုံကို ပြန်ပြောင်းတွေးရင်း အဲဒီရုပ်ရှင်ကားကို မရိုက်ခင် အလုပ်အစည်းအဝေးအတွက်ဆိုပြီး ဟာဗေးဝိန်းစတိန်းက သူနေထိုင်ရာ ပန်နီဆူလာဘာဗယ်လီဟေးလ်ဟိုတယ်က အခန်းဆီ သူမကို ခေါ်ခဲ့ကြောင်း၊ အစည်းအဝေးကို ပျင်းရိဖွယ် စခဲ့ပြီး နောက်ဆုံး ဝိန်းစတိန်းက သူ့လက်တွေကို သူမအပေါ်တင်ပြီး နှိပ်ပေးဖို့အတွက် အိပ်ခန်းဆီသွားဖို့ ပြောခဲ့တယ်လို့ သူမက ပြောပါတယ်။ မင်းသမီးက အဲဒီအချိန်မှာ ဘရက်ပစ်ဒ်နဲ့ ချိန်းဆိုနေပြီဖြစ်ပြီး သူ့အပေါ်လည်း ယုံကြည်မှုရှိလို့ ဝိန်းစတိန်းကို ငြင်းဆန်လိုက်တယ်လို့ ပြောပြီး နောက်ပိုင်းမှာ ဘရက်ပစ်ဒ်က ဝိန်းစတိန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ သူမက ပြောပါတယ်။ ဝိန်းစတိန်းကတော့ သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆက်တိုက် ငြင်းဆန်ကာ အမြဲတမ်း ၂ ဦး သဘောတူညီမှုရှိတဲ့ လိင်ဆက်ဆံရေးသာ ရှိကြောင်း ပြောတယ်လို့ ဆိုပါတယ်။ “ဘာဖြစ်ခဲ့လဲဆိုတာ ကျမက ဘရက်ကို ချက်ချင်းပြောခဲ့တယ်။ ကိစ္စတခုလုံးအတွက်လည်း ကျမ တုန်လှုပ်နေတယ်။ ဘရော့ဒ်ဝေးပွဲမှာ ရှိနေတဲ့ ဝိန်းစတိန်းဆီကို သွားပြီး ဘရက်က ဝိန်းစတိန်းကို အင်အားအပြည့်နဲ့ နံရံဆီ ကိုင်ပေါက်လိုက်တယ်။ အဲ့ဒီအချိန်တုန်းက ကျမက နာမည်မကြီးသေး၊ သြဇာမရှိသေးတဲ့အချိန်မှာ ဘရက်က သူ့သြဇာနဲ့ ကျော်ကြားမှုကို ကျမအတွက် ကာကွယ်ဖို့ သုံးခဲ့တယ်။ ခင်ဗျား သူ့ကို စိတ်မသက်မသာဖြစ်အောင် ထပ်လုပ်ရင် ခင်ဗျားကို ကျနော် သတ်ပစ်မယ်၊ ဒါမှမဟုတ် အဲ့ဒါမျိုး တခုခုလုပ်မယ်” လို့ ဘရက်ပစ်ဒ်က သတိပေးခဲ့ကြောင်းလည်း မင်းသမီးက ပြောခဲ့ပါတယ်။ မင်းသမီးနဲ့ ဘရက်ပစ်ဒ်တို့က ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ထိ တွဲခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up