ဘယ်သူကမဆို တိုက်ခိုက်

January 9, 2020

အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပါက အပြင်းထန်ဆုံး တုံ့ပြန်မည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုပြော

အစ္စရေးနိုင်ငံကို ဘယ်သူကမဆို တိုက်ခိုက်ခဲ့ပါက အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ “အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အရင်အပတ်က အမေရိကန်က သတ်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးတယ်၊ ဒါဟာ ရဲတင်းတဲ့ အကွက်ရွှေ့မှုပဲ” လို့ နေတန်ယာဟုက ပြောပါတယ်။  အီရတ်နိုင်ငံထဲက အမေရိကနေစစ်စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်အပြီးမှာ ခုလို ပြောလိုက်တာပါ။ အီရန်ဟာ သူ့ရဲ့ ပစ်မှတ်တွေ တိုက်ခိုက်ခံရရင် အမေရိကန်၊ အစ္စရေးနဲ့ သူတို့ရဲ့ မဟာမိတ် နိုင်ငံတွေကို တိုက်ခိုက်မယ်လို့ အစောပိုင်းက ပြောထားပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီဟာ ဒေသတွင်းမှာ ဆယ်စုနှစ်ချီပြီး မတည်မငြိမ် ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပြီး ပိုဆိုးတဲ့ ကိစ္စတွေလုပ်ဖို့လည်း စီစဉ်နေခဲ့တယ်လို့ နေတန်ယာဟုက ပြောပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး သေဆုံးမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်စခန်းကို ဒုံးကျည်နဲ့ ပြန်ပစ်တဲ့ကိစ္စကို တိုက်ရိုက် မရည်ညွှန်းပေမယ့် အစ္စရေးဟာ အမေရိကန်ရဲ့ဘေးမှာ ရပ်တည် သွားမယ်လို့လည်း နေတန်ယာဟုက ဂျေရုဆလင်မ် မိန့်ခွန်းမှာ ပြောပါတယ်။  အီရန်ဟာ အစ္စရေးကို ဖျက်ဆီးမယ့် လှုပ်ရှားမှုကို ဦးဆောင်နေတယ်လို့လည်း နေတန်ယာဟုက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
2 years Ago
Up