ဘယ်လ်ဂျီယမ် စားသောက်ဆိုင်

October 20, 2019

မိလ္လာရေဆိုးကို သောက်ရေအဖြစ် ပြန်လည်အသုံးပြုသည့် ဘယ်လ်ဂျီယမ် စားသောက်ဆိုင်

မီးဖိုချောင်တွေ၊ အိမ်သာတွေကနေ ထွက်တဲ့ရေဆိုးတွေကို သောက်ရေအဖြစ် ပြန်လည်အသုံးပြုနေတဲ့ ဘယ်လ်ဂျီယမ်က စားသောက်ဆိုင်တခုဟာ သတင်းတွေမှာ နာမည်ကြီးနေပါတယ်။  ရေသန့်နည်းသစ်တမျိုးကို ထုတ်ဖော်ပြသဖို့အတွက် ဒီလို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ ကာနီမြို့မှာရှိတဲ့ Gust’eaux စားသောက်ဆိုင်ဖြစ်ပြီး သူတို့ဆိုင်က ပြန်လည်အသုံးပြုပြီးသား ရေဟာလည်း သာမန်ရေတွေအတိုင်း အရောင်မရှိ၊ အရသာမရှိနဲ့ အနံ့အသက်လည်း မပါပါဘူး။ ဒီလိုမျိုးဖြစ်ဖို့အတွက် Gust’eaux ဆိုင်က အဆင့်ငါးဆင့် ပါတဲ့ ရေသန့်စင်စနစ်ကို အသုံးပြုတာဖြစ်ပြီး ဒီစနစ်က ရေဆိုးတွေကို ရေသန့်အဖြစ်ပြောင်းလဲပေးကာ အဲဒီကရတဲ့ ရေသန့်ကို ဖောက်သည်တွေကို အခမဲ့သောက်သုံးစေပါတယ်။  Gust’eaux ဆိုင်ဟာ မြို့ရဲ့ မိလ္လာစနစ်နဲ့ ဆက်သွယ်ထားခြင်း မရှိတာကြောင့် သူတို့ရဲ့ မိလ္လာရေဆိုးတွေကို သန့်စင်ဖို့ circuit စနစ်တခု လိုအပ်ပါတယ်။ ဒီစနစ်မှာ ရေဆိုးတွေကို စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာနဲ့ ပထမဆုံး သန့်စင်ထားပြီး အဲဒီထဲက ရေတချို့ကို စုစည်းထားတဲ့ မိုးရေတွေနဲ့ ရောနှောပြီး အဲဒါတွေကို သန့်စင်ခန်းတွေအတွက် ပြန်လည်အသုံးပြုပါတယ်။  ဓာတ်မြေသြဇာနဲ့ သန့်စင်ထားတဲ့ ကျန်ရေတဝက်ဟာ မြောက်မြားစွာလှတဲ့ သန့်စင်စနစ်တွေကို ကျော်ဖြတ်ရပြီးတဲ့နောက် ရိုးရိုးဘုံဘိုင်ခေါင်းက ရတဲ့ ရေနဲ့ခွဲမရအောင် တူညီရေအဖြစ်ကို ရရှိပါတယ်။ “နောက်ဆုံးအနေနဲ့ ရတဲ့ရေဟာ သောက်သုံးနိုင်လောက်အောင် သန့်စင်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး သောက်သုံးသူတွေရဲ့ ကျန်းမာရေးအတွက် သတ္တုဓာတ်အချို့ကို ထည့်သွင်းပေးထားပါတယ်” လို့ Gust’eaux ဆိုင်ရဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။  Gust’eaux စားသောက်ဆိုင်ဟာ သူတို့ဆီက ရရှိတဲ့ ပြန်လည်အသုံးပြုရေသန့်ကို သောက်ရေ၊ ရေခဲတုံး ဒါမှမဟုတ် ကော်ဖီဖျော်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် အဲဒီသန့်စင်ပြီးတဲ့ရေကို ဘီယာချက်ဖို့အတွက်လည်း အသုံးပြုတယ်လို့ သိရပါတယ်။  Sundinfo သတင်းဌာနမှာ ဖော်ပြချက်အရ Gust’eaux ဆိုင်မှာ အသုံးပြုတဲ့ ရေသန့်စင်စနစ်ကို သီးသန့်ခွဲခြားထားတဲ့ လူမျိုးစုတွေမှာ အသုံးပြုနေတယ်လို့ သိရပြီး ဥရောပမှာတော့ ဒီစနစ်ဟာ အသစ်အဆန်း ဖြစ်နေပါတယ်။ Ref: OC
2 years Ago
Up