ဘယ်လို ကိုင်တွယ်ထိန်းချုပ်

December 6, 2020

ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကို ဘယ်လို ကိုင်တွယ်ထိန်းချုပ်ခဲ့သလဲ

အိမ်နီးချင်းထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံထက် ၃ လကျော်စောပြီး ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရှိ ကိုဗစ်လူနာဦးရေက ၉၀၀၀၀ ကျော်နဲ့ ၄၀၀၀ ကျော်သာရှိတဲ့ ထိုင်းလူနာကို အဆပေါင်းများစွာ ကျော်တက်သွားပါတယ်။ သေဆုံးသူဦးရေမှာလည်း မြန်မာက အယောက် ၂၀၀၀ ကျော်ရှိပြီး ထိုင်းက ၆၀ သာ ရှိပါတယ်။ လက်ရှိထိုင်းမှာ ကိုဗစ်-၁၉ လုံးဝပျောက်ကင်းသွားတာမဟုတ်ပေမယ့် ကိုဗစ်ကို မကြောက်မရွံ့  ထောင်နဲ့ချီတဲ့ လူစုလူဝေး ဆန္ဒပြပွဲတွေလည်း နေ့တိုင်းလို ရှိနေပါတယ်။  အခုလို လူစုလူဝေးနဲ့ ဆန္ဒပြပွဲ၊ အလှူအတန်းတွေ၊ မင်္ဂလာပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပနေတဲ့အပေါ် ထိုင်းအစိုးရက ကိုဗစ်-၁၉ကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်နေသလဲဆိုတာ လေ့လာနိုင်ဖို့  ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းမှုတွေကို လက်လှမ်းမီသလောက် စုစည်းတင်ပြပေးလိုက်ပါတယ်။  ထိုင်းနိုင်ငံထဲမှာ ကိုဗစ်-၁၉ လူနာကို ပထမဆုံးတွေ့ရှိတာကတော့ ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့ကတည်းကပါ။ ပထမဆုံးတွေ့တဲ့လူနာက အသက် ၆၁ နှစ်ရွယ်ရှိ တရုတ်ပြည်ကလာတဲ့ ခရီးသွားဧည့်သည်အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။ သူမကို သုဝဏ္ဏဘုမ္မိနိုင်ငံတကာ လေဆိပ်မှာ စစ်ဆေးတွေ့ရှိပါတယ။ အဲဒီနောက် ကိုဗစ် ၁၉ လူနာတွေ ဆက်တိုက်တွေ့ခဲ့ရာမှာ ၂၀၂၀ ဇန်နဝါရီလကုန်ထိ လူနာပေါင်း ၂၁ ဦးတွေ့ရှိပြီး အများစုမှာ တရုတ်နိုင်ငံလာတဲ့သူတွေ ဖြစ်ကြပါတယ်။ ထိုင်းမှာ ကိုဗစ်-၁၉ လူနာမတွေ့ခင်ကတည်းက တရုတ်ပြည်က ကိုဗစ်ဟာ နိုင်ငံခြားထိ ကူးစက်သွားကြောင်း သိရတဲ့နောက် နိုင်ငံတကာလေဆိပ်မှာ အလိုအလျောက် အပူချိန်တိုင်း စက်တွေ တပ်ဆင်ပြီး ရောဂါပိုးတွေ့ရင် နိုင်ငံထဲအဝင်မခံဘဲ ပြန်လွှတ်ကာ အပူချိန်ရှိသူတွေကိုလည်း သပ်သပ်ခွဲထားပြီး နေကောင်းမှ လိုရာဆက်သွားဖို့ ခွင့်ပြုပါတယ်။  ကိုဗစ် လူနာစတွေ့ချိန်ကစပြီး ထိုင်းအမျိုးသား ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာနက လူနာအမှတ်စဉ်တိုင်းရဲ့ ခရီးသွားရာဇဝင်နဲ့ ကျန်းမာရေးအခြေအနေကို နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပါတယ်။  ရပ်ထဲရွာထဲမှာလည်း ကိုဗစ် ၁၉ ကာကွယ်ရေး စေတနာ့ဝန်ထမ်းဖွဲ့ကာ တအိမ်တက်ဆင်း ပညာပေးခြင်း၊ တနယ်ရပ်ကျေးကပြန်ရောက်သူများ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ အိမ်ရှင်မများအဖွဲ့က မာ့က်စ်မျက်နှာဖုံးချုပ်ပြီး ဝေငှခြင်း၊ ပိုးသတ်ဆေးဝေငှခြင်းတွေ လုပ်ပါတယ်။  ထိုင်းမှာ ကိုဗစ်-၁၉ လူနာ သိသိသာသာတိုးပွားလာတဲ့ အချိန်ကတော့ ကေတီဗွီဆိုင်/ ဘန်ကောက်လက်ဝှေ့ရုံ နဲ့ မလေးရှားသာသနာဝတ်ပြုပွဲက ပြန်လာတဲ့လူတွေမှာ အစုလိုက်အပြုံလိုက် တွေ့ရှိတာဖြစ်ပါတယ်။  လူနာဦးရေ တိုးပွားလာတဲ့အတွက်  ၂၀၂၀ မတ်လ ၂၄ ရက်နေ့မှာ ကိုဗစ်-၁၉ အရေး ပေါ်အခြေအနေ ကြေညာပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကန့်သတ်ချက် တွေထဲမှာ သတ်မှတ်တဲ့အချိန်များတွင်း မည်သူမှလမ်းပေါ်မထွက်ရ၊ လူစုလူဝေးမလုပ်ရ၊ မမှန်မကန်သတင်းများ ထုတ်လွှင့်ခြင်းမပြုရ၊ တာဝန်ရှိသူမှအပ ကုန်းလမ်းရေလမ်း၊ လေ ကြောင်းလိုင်းတွေ အသုံးမပြုရ၊  သတ်မှတ်ထားသောအဆောက်အဦများအား အသုံးမပြုရ၊ ပြည်သူများ ဘေးကင်းရန်အလို့ငှါ အားရွှေ့ပြောင်းနေရာချထားရန် အစရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။ အသေးစိပ်ထဲမှာတော့ လမ်းပေါ်မထွ က်ရတဲ့အချိန်၊ ကန့်သတ်တဲ့လမ်း၊ ကန့်သတ်အဆောက်အဦ၊ (စာသင်ကျောင်း၊ တက္ကသိုလ်၊ ကစားကွင်း၊ ပြဇာတ်၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ လေဆိပ်၊ အဝေးပြေးဂိတ်၊ သာသနာရေးအဆောက်အဦ --  စသဖြင့်) ပိုမစုရ လူဦးရေကန့်သတ်ချက်၊ မမှန်ကန်သတင်းဆိုင်ရာ၊ လုံခြုံဘေးကင်းဘွယ်မရှိတဲ့ နေရာတွေ စည်းကမ်းချက်ဖောက်ဖျက်က ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။  အရေးပေါ်အခြေအနေကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့အတွက် ခရိုင် ၇၇ ခုက သက် ဆိုင်ရာ ခရိုင်ဝန်တွေကို မိမိခရိုင်တွင်း ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ဥပဒေထုတ်ပြန်ခွင့် စီမံခန့်ခွဲခွင့်အာဏာ အပြည့်ပေးထားပါတယ်။  ၂၀၂၀ မတ်လ ၂၇ ရက်နေ့မှာ ဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချား  ဦးဆောင်တဲ့ ထိုင်းနိုင်ငံ ကိုဗစ်- ၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန CCSA ( Center for Covid 19 Situation Administration)ကို ဖွဲ့စည်းခဲ့ပါတယ်။  အဆိုပါဗဟိုဌာနရဲ့ အောက်မှာ   ၁) ဝန်ကြီးများရုံးအတွင်းရေးမှူး ဉီးဆောင်သော အထွေထွေအတွင်း ရေးမှူးဗဟိုအဖွဲ့၊ ၂၊ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်သောဆက်သွယ်ညှိနှိုင်းရေးဗဟိုအဖွဲ့ ၊ ၃) ဒုကျန်းမာရေးဝန်ကြီး ဦးဆောင်သော အရေးပေါ်ဆရာဝန်နဲ့ပြည်သူ့ ကျန်းမာရေးဗဟိုအဖွဲ့ ၊ ၄) ပြည်ထဲရေးဌာန ဒုဝန်ကြီးဦးဆောင်သော  လူထုကာကွယ်ရေးနဲ့ ထောက်ပံ့ ကူညီရေးဗဟိုအဖွဲ့ ၊ ၅ ) ပြည်ထဲရေးဌာန ဒုဝန်ကြီးဦးဆောင်သော ပြည်သူလူထုများအား နှာခေါင်းစည်း ( မာ့က်စ် ) နှင့် အခြေခံဆေးဝါးထောက်ပံ့ရေး ဗဟိုအဖွဲ့ ၊  ၆)  ကုန်သွယ်ရေးဒုဝန်ကြီးဦးဆောင်သော ကုန်ပစ္စည်း များထိန်းချုပ်ရေး ဗဟိုအဖွဲ့ ၊ ၇) ဒုနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ပြည်တွင်းပြည်ပ အဝင်အထွက်ထိန်းချုပ်ရေး နဲ့ နိုင်ငံခြားရောက်ထိုင်းနိုင်ငံသားများအား  စောင့်ရှောက်ရေးဗဟိုအဖွဲ့ ၊ ၈) ဒစ်ဂျစ်တယ်လ်နဲ့ စီးပွါးရေး ဒုဝန်ကြီးဦးဆောင်သော ဆက်သွယ်ရေးနဲ့ အွန်လိုင်း လူမှုကွန်ရက် သတင်းအချက်အလက်များကွပ်ကဲရေး ဗဟိုအဖွဲ့ ၊ ၉) ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော လုံခြုံရေးအရေးပေါ်စီမံချက်ပြင်ဆင်ရေးဗဟိုအဖွဲ့  ၊ ၁၀) ဝန်ကြီးများရုံးအတွင်းရေးမှူး ဉီးဆောင်သော ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြဿနာများဖြေရှင်းဆောင်ရွက်ရေးဗဟိုအဖွဲ့  စတဲ့ ဗဟိုအဖွဲ့ ၁၀ ဖွဲ့ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။  အဆိုပါဗဟိုအဖွဲ့ ၁၀ ဖွဲ့ကနေပြီး  မိမိဆောင်ရွက်ချက်နဲ့  အောက်ခြေမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဗဟိုဦးဆောင်အဖွဲ့ CCSA ထံ  နေ့စဉ်အစီရင်ခံတင်ရပြီး CCSA က ကဏ္ဍ အသီးသီး ထပ်မံခြုံငုံကာ နေ့စဉ်သတင်းစာရှင်းပွဲ ပြုလုပ်ပါတယ်။ ဒါကြောင့် ထိုင်းပြည်သူတွေအနေနဲ့  ယုံကြည်စိတ်ချရတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်တွေကို တနေရာတည်းကနေ အချိန်နဲ့တပြေးညီ ရရှိနေပါတယ်။  အဆိုပါဗဟိုအဖွဲ့ ၁၀ ဖွဲ့ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာအချို့ကို ထပ်ပြီး ကောက် နှုတ်ဖော်ပြရမယ်ဆိုရင် - နိုင်ငံခြားကနေ ဝင်ရောက်လာမယ့်သူတွေဟာ ကိုဗစ်ကင်းစင်ကြောင်း ဆရာဝန်ထောက်ခံချက် နဲ့ ဒေါ်လာ ၁ သိန်းတန် ကျန်းမာရေးအာမခံလုပ်ထားသူမှသာ ဝင်ခွင့်ရှိပြီး ထိုင်းထဲဝင်လာတဲ့နောက် ၁၄ ရက် ကွာရန်တင်းဝင်ရပါတယ်။ နယ်စပ် ၄ နိုင်ငံ အဝင်အထွက်ဂိတ်တွေ ထိန်းချုပ်ပါတယ်။ ခရိုင်တစ်ခုမှ အခြားခရိုင်တစ်ခုသို့ သွားလာခြင်း ကန့်သတ်ပါတယ်။ မာ့က်စ် နှာခေါင်းစွပ် နဲ့ လက်ဆေးဂျယ်လ်၊ ပိုးသတ်ဆေးတွေ အမြောက် အမြားလိုအပ်နေတဲ့ပေါ် အကွက်ကောင်းယူပြီး မသမာမှုတွေနှိမ်နင်း ပါတယ်။  ကိုဗစ်-၁၉ ကြောင့် ပညာရေးမထိခိုက်စေဖို့ အွန်လိုင်းပညာသင်စနစ် ကူးပြောင်းခဲ့ပါတယ်။ ကိုဗစ်-၁၉ အရေးပေါ်အမိန့်ကြောင့် စားဝတ်နေရေးထိခိုက်မှုရှိတဲ့ အခြေခံလူတန်းစားတွေကို ငွေကြေး ထောက်ပံ့ခြင်း၊ ရေမီးအခွန်အခများလျှော့ချခြင်း၊ ပြည်ပရောက် ထိုင်းနိုင်ငံသားများအား ပြန် လည်ခေါ်ယူခြင်း  စတာတွေ ဆောင်ရွက်ခဲ့ပါတယ်။   တပြုံကြီးရောက်လာမယ့် ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးဖို့ ယာယီ ကွင်းပြင်ဆေးရုံတည်ဆောက်တာ၊ ကုသရေးဆေးဝါးနဲ့ထောက်ကူပြုပစ္စည်းတွေ နိုင်ငံခြားကနေ အရန်သင့် တင်သွင်းတာ၊ လူထောင်နဲ့ချီလက်ခံနိုင်တဲ့ ကွာရန်တင်းစင်တာတွေ စီစဉ် ဖွင့်လှစ်ခဲ့ပါတယ်။  ပုဂ္ဂလိကပိုင်းအနေနဲ့လည်း စေတနာရှင်အလှူရှင်တွေ ပေါ်လာပြီး အလုပ်လက်မဲ့ဖြစ် သွားရတဲ့ အခြေခံလူတန်းစားတွေကို  ထမင်းထုတ်ဝေတာ၊ အခြေခံကုန်ပစ္စည်းထုတ်တွေ ထောက်ပံ့တာ၊ ပိုက်ဆံလိုက်ဝေတာတွေ တွေ့ရပါတယ်။ ဟိုတယ်ပိုင်ရှင်အချို့ကလည်း ဆေးရုံမှာ ခုတင်မလုံလောက်ရင် သူတို့ဟိုတယ်ကို ယာယီဆေးရုံအဖြစ်အသုံးပြုဖို့ ကမ်းလှမ်းခဲ့ပါတယ်။  ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် အစိုးရက အခုလို စနစ်တကျစီမံခန့်ခွဲနေ ပေမယ့်လည်း တဘက်မှာလစ်ဟာမှုတွေရှိနေပါတယ်။ ဉပမာ-  နိုင်ငံထဲ ဝင်ရောက်လာသူတွေဟာ  နိုင်ငံတကာ သံတမန်တွေ၊ အစိုးရဧည့်သည်တော်တွေဆိုရင် အစိုးရစီစဉ်ပေးတဲ့ ကွာရန်တင်းစင်တာ ဝင်စရာမလိုတာကြောင့် ဘန်ကောက် ပုဂ္ဂလိကဟိုတယ်မှာ ဝင်တည်းတဲ့ ဆူဒန်သံတမန် မိသားစုဝင်ထဲမှာ ကိုဗစ်-၁၉ တွေ့တဲ့အပေါ် လယောင်းခရိုင်မှာ ကွာရန်တင်းမဝင်ဘဲ ဟိုတည်ကြီးတစ်ခုမှာ ဝင်တည်းသွားတဲ့ အီဂျစ်စစ်သားမှာ ကိုဗစ် ၁၉ တွေ့တဲ့အပေါ်မှာ အစိုးရရဲ့ခွဲခြားဆက်ဆံမှုကို ဝေဖန်ဆန္ဒပြတာတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြည်တွင်းမှာ အလုပ်လက်မဲ့ဦးရေ သန်းနဲ့ချီရှိတဲ့အပေါ်၊ အလုပ်လက်မဲ့ထောက်ပံ့ကူညီမှု မထိရောက်တာတွေကြောင့် စီမံခန့်ခွဲမှုညံ့ဖျင်းတယ်ဆိုပြီး အစိုးရပေါ်မကျေနပ်မှုတွေလည်း ရှိလာပါတယ်။  လက်ရှိအစိုးရဟာ အတိုက်အခံပါတီတွေပေါ်အထက်စီးနဲ့ အနိုင်ယူပြီး အာဏာရလာတဲ့ စစ်အာဏာရှင်အစိုးရဆိုပြီး မကျေနပ်တာ၊ လူများစုနှစ်သက်အားပေးတဲ့ Future Forward အတိုက်အခံပါတီခေါင်းဆောင်တွေပေါ်ပုဒ်မအမျိုးမျိုးနဲ့ ဖိနှိပ်ပြီး ပါတီဖျက်သိမ်းခံရတာ၊ တိုင်းပြည်မှာ ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေ အလုပ်လက်မဲ့ဒုက္ခရောက်ချိန် ထိုင်းဘုရင်က မိဖုရားမောင်းမမိဿံတွေနဲ့ နိုင်ငံခြားမှာ ပျော်ပါးနေတာ စတဲ့ မကျေနပ်မှုတွေ စုပြုံပြီး ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။  ထိုင်းနိုင်ငံက ကိုဗစ်-၁၉ လူနာအများစုဟာ နိုင်ငံခြားကနေ ဝင်လာပြီး ကွာရန်တင်း ဝင်နေသူတွေဖြစ်တာကြောင့်ရော၊ ကူးစက်မှုနှုန်း လျော့ဆင်းကာ လူနာတွေ့ရှိမှု လျော့နည်း လာတာကြောင့် အစိုးရက ကန့်သတ်ချက်တွေကို အတိုင်းအတာတစ်ခုထိ ဖြေလျော့ပေးခဲ့ ပါတယ်။  ပြည်တွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေသလို ပြည်ပကနေ ကာကွယ်ဆေးမှာ ယူတင်သွင်းထားတာတွေလည်း ရှိပါတယ်။  ထိုင်းမှာ ကိုဗစ်-၁၉ ကို မမှုဘဲ လူစုလူဝေး ဆန္ဒပြနေတဲ့အပေါ် ၊ ပွဲလမ်းသဘင် ကျင်းပနေတဲ့ အပေါ်သုံးသပ်ရမယ်ဆိုရင် ပြည်တွင်းမှာ ပိုးတွေ့သူ နည်းပါးတာ၊ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို အချိန်နဲ့ တပြေးညီရတာ၊ ကိုဗစ်-၁၉ ကာကွယ်ရေးကို ပြည်သူတွေ နားလည်ပြီး ပူးပေါင်းပါဝင်တာ၊ မိမိကိုယ်မိမိ ကာကွယ်မှုရှိတာတွေကြောင့်လို့ သုံးသပ်ရပါတယ်။  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ လူနာဟာ နေ့စဉ် ဆယ်ဂဏန်းအောက်ရောက်ခဲ့တာ လအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က တာချီလိတ်ကနေ ထိုင်းနိုင်ငံထဲ တောလမ်းကနေတရားမဝင် ပြန်ဝင်လာသူ ၁၀ ဦးမှာ ကိုဗစ်-၁၉ တွေ့ရသလို သူတို့တွေဟာ နေရာအနှံ့ လျှောက်သွားထားခဲ့တာကြောင့် အနည်းဆုံးခရိုင် ၅ ခုမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။  အဆိုပါ တာချီလိတ်ပြန် ၁၀ ဦးနဲ့ ထိတွေ့ခဲ့သူစုစုပေါင်း ထောင်နဲ့ချီရှိတဲ့အတွက် ရာနဲ့ချီတဲ့လူတွေ ကိုဗစ်-၁၉ စစ်ဆေးခံရပြီး သူတို့ခရီးသွားရာဇဝင်ထဲက နေရာနဲ့ နေ့ရက် အချိန်တွေမှာ ရှိခဲ့တဲ့သူတွေအနေနဲ့ မိမိကိုယိမိမိ သတိထားစောင့်ကြည့်ပြီး ထူးခြားမှုရှိက နီးစပ်ရာဆေးရုံတွေမှာ ဆေးသွားစစ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု နောက်ဆုံးအခြေအနေမှာ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက် ထုတ်ပြန်ချက်အရ  လူနာသစ် ၁၄ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း လူနာ ၄၀၅၃ ဦး ရှိပါတယ်။  ရောဂါသက်သာသူပေါင်း  ၃၈၈၂ ဦး ၊ လက်ရှိဆေးရုံမှာ တက်ရောက်ကုသသူ ၁၄၇ ဦး နဲ့ သေဆုံးသူ ၆၀ ဦးရှိပါတယ်။ စင်တာအသီးသီးမှာ ကွာရန်တင်းဝင်နေသူပေါင်းက ၆၂၀၁၈ ဦး ရှိပါတယ်။   
5 months Ago
Up